ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အစိုးရဝန်ထမ်းများ အိမ်မှနေ၍အလုပ်လုပ်ရန် ထိုင်းအစိုးရညွှန်ကြား

March 10, 2026

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေသဖြင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာချိန်၌ စွမ်းအင်ချွေတာနိုင်ရန်အတွက် ထိုင်းအစိုးရဝန်ထမ်းများ နေအိမ်မှ အလုပ်လုပ်ကြရန် (Work From Home) ထိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်သည်။

ထို့အပြင် လေအေးပေးစက် (Aircon) အပူချိန်ကို ၂၆ ဒီဂရီစင်တီဂရိတ်တွင် ထားရှိရန်၊ အစည်းအဝေးများ၌ ဝတ်စုံအပြည့် (Full Suit) မဝတ်ဆင်ကြရန်နှင့် ဝန်ထမ်းများ၏ နိုင်ငံခြားခရီးစဉ်များကို ရပ်ဆိုင်းထားရန် ယနေ့ မတ်လ ၁၀ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် စွမ်းအင်သုံးစွဲမှု ချွေတာရေးနှင့် ပြည်သူလူထုအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန် အစိုးရအဖွဲ့က သဘောတူခဲ့သည်။

အစိုးရဝန်ထမ်းများအနေဖြင့် အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်သည်အထိ နေအိမ်မှနေ၍ အချိန်ပြည့် လုပ်ကိုင်ကြရန် ညွှန်ကြားထားသော်လည်း ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် ဌာနများမှာမူ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

စွမ်းအင်ချွေတာရေး အစီအစဉ်အရ အစိုးရဌာနရုံးများအားလုံးရှိ လေအေးပေးစက်များကို ၂၆ ဒီဂရီစင်တီဂရိတ်တွင် ထားရှိရမည်ဖြစ်ပြီး၊ ဝန်ထမ်းများအနေဖြင့် ဓာတ်လှေကားအစား ရိုးရိုးလှေကားကို အသုံးပြုကြရန်လည်း တိုက်တွန်းထားသည်။

အစိုးရအရာရှိများနှင့် ဝန်ထမ်းများ၏ နိုင်ငံခြားလေ့လာရေးခရီးစဉ် အားလုံးကိုလည်း ယာယီရပ်ဆိုင်းလိုက်ပြီး၊ အရေးကြီးသည့် နိုင်ငံတကာအစည်းအဝေးများအတွက်မူ ချွင်းချက်အနေဖြင့် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ်များ ပိတ်ထားချိန်ဖြစ်သဖြင့် နေအိမ်မှ လုပ်ကိုင်ရမည့်အစီအစဉ်သည် ထူးခြားမှုမရှိသော်လည်း ကျောင်းဖွင့်ရာသီရောက်ရှိပါက အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်း အဆင့်မြင့်ပညာဝန်ကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီဖူလုံမှုရှိနေပြီး မြန်မာနှင့် လာအိုနိုင်ငံမှအပ ကျန်နိုင်ငံခြားသို့ လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: The Nation Thailand, REUTERS, Bangkok Post