ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ရေးပြင်းထန်နေသည့် သရက်ချောင်းတွင် မြို့ပေါ်ရဲစခန်းကို ပူးပေါင်းတပ်များ ဝင်တိုက်

March 10, 2026

စစ်အာဏာရှင်တပ်က သရက်ချောင်းမြို့နယ်အောက်ပိုင်းကို ကြည်း၊ ရေ၊ လေ အင်အားသုံး၍ တန်ပြန်တိုက်ခိုက်နေချိန် သရက်ချောင်းမြို့ပေါ်ရှိ မြို့မရဲစခန်းကို ပူးပေါင်းတပ်များက မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်မှ ဝင်းဝစခန်း၊ သရက်နှစ်ခွတံတား စစ်ဆေးရေးဂိတ်၊ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်နှင့် ခြေလျင်စစ်ကြောင်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေသဖြင့် စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ အင်အားသုံးကာ တန်ပြန်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဝင်းဝစခန်းကို လက်မလွှတ်ရရေး စစ်အာဏာရှင်တပ်က အသည်းအသန် ခုခံနေရချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များက မြို့ပေါ်ရှိ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

မတ်လ ၉ ရက် နံနက် ၆ နာရီမှ ၇ နာရီအထိ တစ်နာရီခန့်ကြာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်အာဏာရှင်တပ်၏ ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ကူပေးသည့်အပြင် စစ်ကူစစ်ကြောင်းများပါ ရောက်ရှိလာသဖြင့် တိုက်ခိုက်မှုအပြီးတွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စီးနင်းတိုက်ခိုက်တာပါ။ အဓိက မြို့ပေါ်ကပြည်သူတွေ စစ်ရေးသတိရှိစေချင်လို့ပါ။ မြို့ထဲမှာ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတာ လက်တွေ့ပြတာပါ။ စစ်မီးဟာ မြို့အနားကပ်လာပြီဆိုတာ သိစေချင်လို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်မှ ဒုရဲအုပ်နှင့် ရဲတပ်ကြပ် အပါအဝင် ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းဘက်မှလည်း ရဲဘော်တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်မြောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကလည်း “ရဲစခန်းထဲထိ ဝင်စီးတာ။ အရင်ဆုံး ရဲတပ်ကြပ် မြင့်လွင်အိမ်ကို ဝင်စီးတော့ သူ့မိန်းမက ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ အဲဒီမှာ သူ့လင်က စခန်းထဲပြေးဝင်ပြီး ပြောတဲ့အချိန် ပူးပေါင်းတပ်တွေ ဝင်စီးတာနဲ့ တည့်တည့်တိုးပြီး မြင့်လွင် ပွဲချင်းပြီး သေသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

သေဆုံးသူများထဲတွင် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးဟုဆိုသူ ခင်ဦး (ခ) ညီ လည်း ပါဝင်ပြီး ၎င်းမှာ စစ်အာဏာရှင်တပ်၏ သတင်းပေးဖြစ်ကြောင်း တော်လှန်ရေးတပ်ဘက်က ဆိုသည်။

သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ထို့ပြင် ယင်းနေ့ နံနက်ပိုင်းမှာပင် သရက်နှစ်ခွရွာနှင့် ပန်းပြင်ရွာကြားရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကိုလည်း ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။