ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ပွဲနဲ့ အေအိုင်

March 10, 2026

စာဖတ်သူများခင်ဗျား…။

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို ပြန်မသွားကြည့်ကြပါနဲ့။ ဒီစစ်ပွဲရဲ့ ရင်နင့်စရာအကောင်းဆုံး မြင်ကွင်းကို မြင်ရပါမယ်။

အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့က ‘သန့်ရှင်းသော သစ်ပင်’ဆိုတဲ့ နာမည်နဲ့ မူလတန်း မိန်းကလေးစာသင်ကျောင်း ဟာ အဲဒီနေ့မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရပါတယ်။ လူပေါင်း ၁၇၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အီရန်အစိုးရပိုင်မီဒီယာက ကြေညာပါတယ်။ အများစုက ကလေးငယ်တွေပါ။ ပြိုကျနေတဲ့ စာသင်ကျောင်းရဲ့ အုတ်ခဲအစအနတွေကြားမှာ ပြတ်ထွက်သွားတဲ့ လူသားကလေးငယ်အပိုင်းအစတွေကို မျက်စိထဲမှာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ပရိဒေဝဟာ အစွမ်းထက်သဗျ။

‘သန့်ရှင်းသော သစ်ပင်’ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဟာ အေအိုင်နဲ့ ပစ်မှတ်မှားယွင်းသတ်မှတ်ပြီး တိုက်ခိုက်လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ စက်ရုပ်လက်နက် ထိန်းချုပ်ရေးကော်မတီ (ICRAC) ဥက္ကဋ္ဌ ပီတာအာဆာရိုက ဆိုပါတယ်။

“အဲဒီကျောင်းကို စစ်အခြေစိုက်စခန်းနဲ့ ခွဲခြားရမှာဖြစ်ပေမဲ့ သူတို့ မခွဲခြားနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ‘သူတို့’ ဆိုတာက ဘယ်သူလဲ။ လူလား၊ စက်လား”

အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးတွေမှာ အေအိုင်ကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုက အမေရိကန်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာမှာလည်း အေအိုင်ကို အသုံးချခဲ့တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။ မြန်မာစစ်တပ်မှာ အေအိုင်ကို လေ့လာပြီး စမ်းသပ်တီထွင်ထုတ်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ၂၀၂၄ ၊ ဒီဇင်ဘာလမှာ ပြောဖူးပါတယ်။ အေအိုင်ဟာ စစ်ရေးဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာရဲ့ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီလား။ ပညာရှင်တွေနဲ့ နိုင်ငံတကာမီဒီယာတွေက ဘယ်လိုကောက်ချက်ဆွဲနေကြသလဲ လေ့လာကြည့်သင့်ပါတယ်။

အမေရိကန် ၊ အစ္စရေးနဲ့ အီရန်အကြား လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲမှာ အေအိုင်ကို ထောက်လှမ်းရေးသတင်းတွေ စိစစ်တာ ၊ ပစ်မှတ်ရွေးချယ်သတ်မှတ်တာမှာ အရင်ကထက် ပိုအသုံးချလာတာ တွေ့ရတယ်လို့ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ကို စတိုက်တဲ့ ပထမဆုံး ၁၂ နာရီအတွင်းမှာတင် တိုက်ခိုက်မှုအကြိမ်ရေ ၉၀၀ နီးပါး လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးဒုံးကျည်လက်ချက်နဲ့ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးခဲ့ပါတယ်။ အမေရိကန်စစ်တပ်ဟာ Anthropic ကုမ္ပဏီရဲ့ အေအိုင်မော်ဒယ် Claude ကို တိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။

အေအိုင်ဟာ ‘အတွေးထက်မြန်တဲ့’ ဗုံးကြဲတိုက်ခိုက်မှုခေတ်သစ်တစ်ခုကို စတင်လိုက်ပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ပစ်မှတ်ကိုရှာဖွေတာကနေ တရားဝင်ခွင့်ပြုချက်ရယူပြီး တိုက်ခိုက်တဲ့အထိ သတ်ဖြတ်ရေးကွင်းဆက် (Kill Chain) ကို အေအိုင်က ပိုမြန်ဆန်တိုတောင်းစေပါတယ်။

ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ရမယ့်အချိန်ကို အေအိုင်က အကြီးအကျယ်လျှော့ချပစ်နေတယ်လို့ ဒီနယ်ပယ်ကို လေ့လာနေတဲ့ ပညာရှင်တွေက ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ အေအိုင်က ထုတ်ပေးတဲ့ စစ်ရေးစီမံချက်တွေကို စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေက အသေအချာ စဉ်းစားခန်းဖွင့်မနေတော့ဘဲ တံဆိပ်တုံးထုအတည်ပြုပေးရုံလောက်ပဲ ဖြစ်လာမှာကို ပညာရှင်အချို့က စိုးရိမ်နေကြတယ်လို့ The Guardian သတင်းစာက ဖော်ပြပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးကနေ စောင့်ကြည့်ထောက်လှမ်းရေး ၊ သတင်းအချက်အလက်စစ်ဆင်ရေးနဲ့ ဆိုက်ဘာလုံခြုံရေးအထိ စစ်ရေးရဲ့ ဘယ်ကဏ္ဍကိုမဆို အေအိုင်သုံးပြီး အဆင့်မြှင့်တင်လို့ ရနေပြီလို့ ပြင်သစ်သုတေသီတစ်ယောက်က ဆိုပါတယ်။ ဒီကနေ့ခေတ် ကမ္ဘာ့အင်အားကြီးစစ်တပ်တွေဟာ စစ်ဘက်ဆိုင်ရာ အေအိုင်နည်းပညာကဏ္ဍမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံနေကြတယ်လို့ သူမက ဆိုပါတယ်။

လူကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်စရာမလိုတဲ့ တိုက်ခိုက်ရေးဒရုန်းတွေနဲ့ တခြားလက်နက်စနစ်တွေမှာလည်း အေအိုင်ကို ထည့်သွင်းအသုံးပြုလာတာကို တွေ့မြင်လာရပါတယ်။

နောက်ဆုံးပေါ် အေအိုင်စနစ်တွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်ကို ရှာဖွေရာမှာ ဒရုန်းနဲ့ ရိုက်ကူးမှတ်တမ်းတင်ထားတာတွေ ၊ ဆက်သွယ်ရေး ကြားဖြတ်ဖမ်းယူမှုတွေနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် အမြောက်အများကို မြန်မြန်ဆန်ဆန် ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

             အမေရိကန်တပ်ဖွဲ့တွေဟာ စစ်ဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ Palantir က ထုတ်တဲ့ Maven Smart System (MSS) ကို အသုံးပြုနေပါတယ်။ MSS စနစ်ဟာ ပစ်မှတ်တွေကို တိတိကျကျ သတ်မှတ်တာ ၊ ပစ်မှတ်တွေကို ဦးစားပေးအဆင့်ခွဲတာ ၊ အဲဒီပစ်မှတ်ကို တိုက်ခိုက်ဖို့အတွက် လက်နက်အမျိုးအစား အကြံပြုပေးတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ လက်ရှိ ရှိနေတဲ့ စစ်လက်နက်ပစ္စည်းတွေကို အခြေခံပြီး တွက်ချက်မှုတွေ လုပ်ပေးနိုင်သလို  မနီးယိုးစွဲ ပစ်မှတ်တွေကို အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့လည်း ထည့်သွင်းတွက်ချက်ပေးပါတယ်။

MSS စနစ်ရဲ့ ပစ်မှတ်ရှာဖွေဖော်ထုတ်နိုင်စွမ်းနဲ့ အခြားစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် Anthropic ကုမ္ပဏီရဲ့ Claude အေအိုင်မော်ဒယ်နဲ့ ပေါင်းစပ်အသုံးပြုနေပြီလို့ ဝါရှင်တန်ပို့စ်သတင်းစာက ဒီရက်ပိုင်းအတွင်းမှာပဲ ဖော်ပြခဲ့ပါတယ်။

ဒါဟာ စစ်ရေးဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာရဲ့ ခေတ်သစ်တစ်ခု ဖြစ်လာစေတယ်လို့ စစ်ဘက်ဆိုင်ရာအေအိုင်စနစ်တွေကို လေ့လာခဲ့တဲ့ နောက်ထပ်ပညာရှင်တစ်ယောက်က ဆိုပါတယ်။

“အဓိက အားသာချက်ကတော့ ဆုံးဖြတ်ချက်ချတဲ့အရှိန်ပဲ။ အရင်က ရက်ပေါင်းများစွာ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်တဲ့ စစ်ရေးစီမံချက်ရေးဆွဲတာတွေကို မိနစ်ပိုင်း စက္ကန့်ပိုင်းနဲ့ ပြီးအောင် ချုံ့ပေးနိုင်လိုက်တာပဲ”လို့ သူက ပြောပါတယ်။

အေအိုင်အပေါ် မှီခိုအားထားမှုကြောင့် ဆုံးဖြတ်ချက်ချရတဲ့ လူသားဟာ စဉ်းစားတွေးခေါ်ရတဲ့ ဝန်ထုပ်ဝန်ပိုးကို စက်ကို လွှဲပေးလိုက်တဲ့အတွက် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေအပေါ် တာဝန်သိစိတ်လျော့လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

စစ်ပွဲတွေမှာ အေအိုင်နည်းပညာကို အသုံးချလာတာဟာ ကိုယ်ကျင့်တရားနဲ့ ဥပဒေကြောင်းဆိုင်ရာ မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် အေအိုင်ရဲ့ လုပ်ဆောင်ချက်အပေါ် လူသားတွေက ဘယ်လောက်အထိ ထိန်းချုပ်နိုင်သလဲဆိုတဲ့ အချက်ပါပဲ။

ဂါဇာစစ်ဆင်ရေးတွေမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်မှတ်တွေကို ရှာဖွေဖော်ထုတ်ဖို့ “Lavender” လို့ နာမည်ပေးထားတဲ့ အေအိုင်ပရိုဂရမ်တစ်ခုကို အသုံးပြုရာကနေ ဒီအငြင်းပွားမှုက ပိုအရှိန်မြင့်လာခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေက ဂါဇာဒေသခံတွေရဲ့ အချက်အလက်တွေကို Lavender ပရိုဂရမ်ထဲကို ထည့်သွင်းပြီး ပစ်မှတ်ကို ရှာဖွေပါတယ်။ Lavender ဟာ အမှားအယွင်းဖြစ်နိုင်ခြေ အတိုင်းအတာတစ်ခုအထိ ရှိနေတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အေအိုင်ကို အသုံးပြုဖို့ စမ်းသပ်မှုတွေမှာ ပါဝင်ခဲ့တဲ့ ဝါရှင်တန်အခြေစိုက် CSIS သုတေသီတစ်ယောက်က စစ်တပ်တွေမှာ အေအိုင်ကို အသုံးပြုမှုဟာ အခုမှ အစပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ စစ်တပ်တွေမှာ အေအိုင်ရဲ့ စွမ်းဆောင်ရည်တွေကို အသုံးချနိုင်ဖို့အတွက် စစ်ရေးစီမံချက်တွေ ရေးဆွဲတာ ၊ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ စတဲ့ လုပ်ငန်းစဉ်တွေကို အခြေခံကစပြီး ပြန်လည်သုံးသပ်တွေးခေါ်တာမျိုး မလုပ်ရသေးဘူးလို့ သူက ဆိုပါတယ်။

စစ်ပွဲမှာ အေအိုင်ကို အသုံးပြုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာစက်ရုပ်လက်နက်ထိန်းချုပ်ရေး‌ကော်မတီ (ICRAC) ဥက္ကဋ္ဌ ပီတာအာဆာရိုကတော့ အခုလို မေးခွန်းထုတ်ထားပါတယ်။

“တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့ရင် ဘယ်သူ့မှာ တာဝန်ရှိမလဲ”

Ref: The Guardian ၊ AFP

ဈာန်ဟိန်း