ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်နှင့် အစ္စရေး ဆက်တိုက်ခိုက်နေလျှင် ရေနံတင်ပို့မှု ဆက်ပိတ်ထားမည်ဟု အီရန်ပြော

March 10, 2026

အမေရိကန်နှင့် အစ္စရေးက ဆက်လက်တိုက်ခိုက်နေလျှင် အရှေ့အလယ်ပိုင်းဒေသမှ ရေနံတစ်လီတာမျှပင် တင်ပို့ခွင့်ပြုမည် မဟုတ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ မတ်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။

အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှုကို ပိတ်ပင်ထားလျှင် အီရန်ကို ယခုထက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးထားသည်။

အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးစွမ်းရည်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီးဖြစ်ပြီး စစ်ပွဲမှာလည်း ၎င်း သတ်မှတ်ထားသည့် လေးပတ်အချိန်ကာလ မတိုင်မီပင် ပြီးဆုံးသွားလိမ့်မည်ဟု သမ္မတထရမ့်က ဆိုသည်။

သို့ရာတွင် အီရန်တွင် အမေရိကန်ကို နာခံမှုရှိသည့် အစိုးရမျိုး ပေါ်ပေါက်လာမှသာ စစ်ပွဲပြီးဆုံးနိုင်မည်ဟု ၎င်းက ပြောသည်။

ယခုစစ်ပွဲတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အီရန်၏ ဒုံးကျည်စွမ်းရည်နှင့် အဏုမြူစီမံကိန်းကို ဖျက်ဆီးရန် အဓိကဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုသည်။

အစ္စရေးကလည်း ယခုစစ်ပွဲတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အီရန်၏ ဘာသာရေးအုပ်ချုပ်မှုစနစ်ကို ဖြုတ်ချရန်ဖြစ်ကြောင်း ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကမူ မိမိတို့နိုင်ငံအနေဖြင့် လိုအပ်သရွေ့ တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ရန် အသင့်ရှိပြီး လက်ရှိအနေအထားတွင် အမေရိကန်နှင့် ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း ယနေ့ အင်္ဂါနေ့တွင် ပြောကြားသည်။

စစ်ပွဲ၏ အဆုံးသတ်ကို ၎င်းတို့ကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။

Source: Reuters