ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်း လေညာ-ရတနာပုံလမ်းတွင် တိုက်ပွဲဖြစ်ပြီး လက်နက်များသိမ်းဆည်းရရှိ

March 10, 2026

ဓာတ်ပုံ - KNU

ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင် ၅ မိုင်အနီးကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း KNU၏ ထုတ်ပြန်ချက်နှင့် တော်လှန်‌ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မတ်လ ၉ရက် နံနက် ၁၀နာရီခန့်တွင် မိုင်တိုင် ၅ အနီးတွင် စစ်ကြောင်းထိုးဝင်လာသည့် တိုက်ပွဲဖြစ်ပွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုတ်ပြင်းမြို့နယ် ရတနာပုံရွာ (သတ္တုမိုင်း) ဘက်သို့ မတ်လ ၅ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်လာကြောင်း KNLA တပ်ရင်း ၂၀၃က ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးဝင်လာချိန် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်သလို မိုင်းဆွဲတိုက်ခိုက်မှုများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲက စစ်ကြောင်းထိုးလာလို့ ဖြစ်တယ်။ မိုင်းဆွဲတာတွေလည်း ရှိတယ်။ ပစ်ခတ်မှုတွေလည်း ဖြစ်တယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

မတ်လ ၉ ရက်က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်အာဏာရှင်တပ်သား လေးဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရကာ MA-1 တစ်လက်၊ MA-3 နှစ်လက်နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါလမ်းပိုင်းကို စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးလာသည့် ရက်မှစ၍ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်အာဏာရှင်တပ်ဘက်က လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင် ၅ အထိသာ စစ်ကြောင်းထိုးနိုင်ကြောင်း ဘုတ်ပြင်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ဆိုသည်။

“ဖြစ်တဲ့အကြိမ်ရေက မနည်းတော့ဘူး။ စခ(စစ်အာဏာရှင်တပ်) ဘက်က‌တော့ လက်နက်ကြီးပစ်ကူနဲ့ အဆက်မပြတ်ထုပြီး ဖြည်းဖြည်းချင်းတိုးနေတာပဲ။ ကျွန်တော်တို့တပ်တွေကလည်း ကာကင်း၊ ဖြတ်ကင်းနဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်ဘက်က ခမရ ၅၅၉၊ ခမရ ၅၆၀၊ ခမရ ၃၅၈နှင့် ခလရ ၂၂၄ တပ်ရင်းများက တပ်သားများ ပါဝင်ပြီး အင်အား ၃၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ခြေမြန်တပ်ရင်းများမှာ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်ပြီး အဆိုပါမြို့နယ်အတွင်းမှာပင် အခြေစိုက်ထားသည်။

တော်လှန်ရေးတပ်ဘက်ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ၄ ၏ တပ်ရင်း ၂၀၃၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်တော်လှန်‌ရေးပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ရတနာပုံ‌ရွာ (သတ္တုမိုင်း) ကို ၂၀၂၂ခုနှစ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။