တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (မတ် ၁၀) နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က တကူကျေးရွာ၊ အလယ်ပိုင်းရွာကို ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ဗုံးလေးလုံးကြဲချပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယနေ့ နေ့လယ်တစ်နာရီအထိ ရရှိသော အချက်အလက်များအရ သေဆုံးသူ ၃ ဦးအထိရှိနေပြီဟု သိရသည်။
“လေကြောင်းနဲ့ ကွမ်းတောတွေထဲ လာကြဲသွားတာ။ ထိခိုက်တဲ့သူများပြီး သေတဲ့သူက ၃ ယောက်လို့တော့ သိထားရတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
သေဆုံးသူများထဲတွင် ဦးကျော်နိုင်မှာ ဦးခေါင်းတွင် ထိမှန်ပြီး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကာ ကျန်ရှိသူများ၏ အချက်အလက်ကိုမူ အသေးစိတ် မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်အာဏာရှင်တပ်သည် တကူကျေးရွာကို ယနေ့နံနက်ပိုင်းမှစ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း၊ လက်ရှိတွင်လည်း လေယာဉ်များ ထပ်မံတက်လာနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“လက်ပြတ်သွားတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်။ လေကြောင်းက ထပ်လာနေလို့ သွားကြည့်လို့ မရသေးဘူး။ ဖုန်းလိုင်းတွေ ဖြတ်ပြီးမှ လာကြဲတာ” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
တကူကျေးရွာသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာဖြစ်ပြီး စစ်အာဏာရှင်တပ်က ဒရုန်းနှင့် လေကြောင်းများအသုံးပြုကာ မကြာခဏဆိုသလို တိုက်ခိုက်နေကြောင်း သိရသည်။







