ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် စုံ၊ မ ခွဲ စနစ်ဖြင့် ယနေ့ မတ်လ ၁၀ ရက်တွင် စတင်ရောင်းချနေကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ မတ်လ ၁၀ ရက်နေ့ဖြစ်သောကြောင့် မော်တော်ယာဉ် နံပါတ်ပြားပါ အက္ခရာအရှေ့က စုံဂဏန်း နံပါတ်ပါ ယာဉ်များကိုသာ စက်သုံးဆီ ရောင်းချကြောင်း ၎င်းတို့က ပြောသည်။
ဥပမာ မော်ဆိုင်ကယ်နံပါတ် 54W ဆိုလျှင် အက္ခရာနှင့် အနီးစပ်ဆုံးဖြစ်သည့် 4 ဂဏန်းကို သတ်မှတ်ပြီး ဆီထည့်ခွင့် ပြုကြောင်း မြိုခံတစ်ဦးက ဆိုသည်။
“စုံမခွဲပြီး ဒီနေ့စရောင်းပေးနေတာပေါ့နော်။ စာကတ်ထားတာလည်း တွေ့ရတယ်။ မနံပါတ်ပါ မော်တော်ယာဉ်တွေကိုလည်း မနက်ဖြန်မှ လာထည့်ပါလို့ ပြောပြီးပြန်လွတ်နေတာလည်း တွေ့ရတယ်” ဟု အထက်ပါမြို့ခံကပြောသည်။
ထားဝယ်မြို့ပေါ်ရှိ DDPC၊ Petro Green ၊ 81 နှင့် ရနံသစ် ဆီဆိုင်တို့တွင် ယနေ့ စုံ၊ မ ခွဲ စနစ်ဖြင့် စက်သုံးဆီ စတင် ရောင်းချနေခြင်းဖြစ်ကြောင်း မြို့ ခံအချို့က ပြောဆိုသည်။
တနင်္သာရီတိုင်း၏ မော်တော်ယာဉ်ကိုယ်စားပြုအက္ခရာဖြစ်သော TNI အက္ခရာပါ မော်တော်ယာဉ်များကိုမူ မော်တော်ယာဉ် နံပါတ်ပြားပါ နောက်ဆုံး နံပါတ်ကိုသာ စုံ၊ မ ခွဲခြား သတ်မှတ်ကြောင်း စုံစမ်းသိရသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် ကမ္ဘာ့တွင် လောင်စာဆီအခက်အခဲ အကြီးအကျယ်ကြုံနေရသည်။
တနင်္သာရီတိုင်း တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စစ်ကော်မရှင်က စု၊ မ ခွဲ စနစ်ဖြင့် မတ်လ ၇ ရက်မှစတင် မောင်းနှင်ကြရန် ကြေညာထားသည်။
မတ်လ ၁၃ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ယင်းကာလပြီးဆုံးလျှင် ငွေဒဏ်၊ ထောင်ဒဏ်များဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။






