ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲ မကြာမီ ပြီးဆုံးမည်ဟု ထရမ့် ဆို

March 10, 2026

အီရန်စစ်ပွဲမှာ မကြာမီ ပြီးဆုံးတော့မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

သို့ရာတွင် စစ်ပွဲပြီးဆုံးမည့် အချိန်အတိအကျနှင့် ပတ်သက်၍ ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ ယခုအပတ်အတွင်း စစ်ပွဲပြီးဆုံးမည့် အလားအလာမရှိကြောင်းလည်း ၎င်းက အရိပ်အမြွက်‌ ပြောကြားသည်။

“ကျွန်တော်တို့ ဒီမှာတင် ရပ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လုပ်ဦးမှာပါ” ဟု သမ္မတထရမ့်က ဆိုသည်။

အမေရိကန်က စစ်ရေးအရ ဝင်ရောက်မစွက်ဖက်ပါက အီရန်သည် အရှေ့အလယ်ပိုင်းဒေသကို သိမ်းပိုက်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အီရန်၏ လက်နက်အများစုကို ဖျက်ဆီးထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသော်လည်း ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ ပြသခြင်း မရှိပေ။

အီရန်၏ ဒရုန်းထုတ်လုပ်ရေးစခန်းများကို အမေရိကန်တပ်ဖွဲ့ဝင်များက ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ အီရန်ဘက်မှ ဒရုန်းအသုံးပြုတိုက်ခိုက်မှု အရေအတွက်မှာလည်း လျော့နည်းလာကြောင်း ၎င်းက ဆိုသည်။

CBS သတင်းဌာနသို့ အစောပိုင်းက ပြောကြားခဲ့သည့် မှတ်ချက်တွင် သမ္မတထရမ့်က အီရန်အပေါ် အမေရိကန်၏ စစ်ဆင်ရေးမှာ အတော်အတန် ပြီးမြောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပြောဆိုမှုကြောင့် လေးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ရေနံဈေးနှုန်းများ တနင်္လာနေ့တွင် ပြန်လည်ကျဆင်းသွားခဲ့သည်။

“သူတို့မှာ ရေတပ်ဆိုတာ မရှိတော့ဘူး။ ဆက်သွယ်ရေးစနစ်တွေလည်း မရှိတော့ဘူး။ လေတပ်ဆိုတာလည်း မရှိတော့ပါဘူး” ဟု CBS သတင်းဌာနနှင့် အင်တာဗျူးတွင် ထရမ့်က ပြောကြားခဲ့သည်။

“သူတို့ရဲ့ ဒုံးကျည်တွေဆိုတာလည်း အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ်။ သူတို့ရဲ့ ဒရုန်းတွေကိုလည်း ဒရုန်းထုတ်လုပ်တဲ့နေရာတွေအပါအဝင် နေရာအနှံ့မှာ ဖောက်ခွဲဖျက်ဆီးထားပြီးပါပြီ။ ခင်ဗျားတို့ ကြည့်လိုက်ရင် သိပါလိမ့်မယ်၊ သူတို့မှာ ဘာမှ မကျန်တော့ပါဘူး။ စစ်ရေးအရ ပြောရရင် ဘာမှကို မကျန်တော့တာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: DW News