သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာ၌ ယနေ့ မတ်လ ၁၀ ရက် ညနေပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း မြတ်ပါရမီပရဟိတအသင်း (သရက်ချောင်း) ထံမှ သိရသည်။
မြိတ်ဘက်မှ လာသည့် ကုန်တင်ယာဉ်နှင့် ထားဝယ်ဘက်မှ လာသည့် Toyota Townace အမျိုးအစားကားတို့ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပန်းပြင်ရွာရှိ လမ်းပိုင်းတစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကုန်ကားက လမ်းဘေးကျသွားတယ်။ ကားငယ်က အရှေ့ပိုင်းကြေသွားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Townace ကား၏ အရှေ့ခန်း၌ လိုက်ပါလာသည့် အသက် ၃၀ နှင့် ၄၀ နှစ် ကြား အရွယ်ရှိ အမျိုးသမီးနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ကူညီဆောင်ရွက်ပေးသည့် ပရဟိတအသင်းထံမှ သိရသည်။
ယင်းအပြင် အဆိုပါ Toyota ကား၏ ယာဉ်မောင်း အမျိုးသားမှာလည်း ဒဏ်ရာပြင်းထန်သည့်အတွက် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း အဆိုပါအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုမူ သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာ၏ လမ်းဘေးဝဲယာတွင် မြက်တောများကို မီးရှို့ထားပြီး မီးခိုးများကြောင့် မြင်ကွင်းကို ကောင်းစွာမမြင်ရသဖြင့် မတော်တဆတိုက်မိခြင်းဖြစ်နိုင်ကြောင်း ယာဉ်တိုက်မှုတွင် ကူညီဆောင်ရွက်ပေးခဲ့သူများက ဆိုသည်။
















