ဖေဖော်ဝါရီလ ၈ ရက်က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မသမာမှုများ အကြီးအကျယ်ရှိနေ ကြောင်း ပြည်သူ့ပါတီ (People’s Party) က အနိုင်ရ ကိုယ်စားလှယ် Rukchanok Srinork (အိုင်းစ်) က လူမှုကွန်ရက်တွင် ရေးသားသည်။
Rukchanok Srinork (အိုင်းစ်) သည် ဖေဖော်ဝါရီလ ၈ရက် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု (Party-List) တွင် အချိုးကျ စနစ်ဖြင့် အမတ်နေရာ ရွေးကောက်ခံထားရသူဖြစ်သည်။
၎င်းသည် ရွေးကောက်ပွဲနေ့တွင် လီဗာဗူးဂျာစီကို ဝတ်ဆင်၍ စက်ဘီးစီး မဲလာပေးခဲ့သဖြင့် လူမှုကွန်ရက်တွင် ထင်ရှားခဲ့သူ ဖြစ်သည်။
လက်ရှိတွင် Move Forward ပါတီက ပြောင်းလဲဖွဲ့စည်းထားသော ပြည်သူ့ပါတီ (People’s Party) က အမတ်နေရာ ၁၁၆ နေရာတွင် အနိုင်ရရှိထားပြီး ဒုတိယနေရာက ရှိနေသည်။
ရွေးကောက်ပွဲတွင် တတိယနေရာက အနိုင်ရရှိထားသော Pheu Thai ပါတီကလည်း မဲရေတွက်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသဖြင့် တိုင်ကြားမှုများစွာ ရရှိနေကြောင်း ပါတီခေါင်းဆောင် Julapun Amornvivat က ယနေ့တွင် ပြောသည်။
အကယ်၍ ရွေးကောက်ပွဲကော်မရှင်ကသာ မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့ပါက မဲပြန်ရေတွက်ရာတွင်လည်း ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မဲရေတွက်ရာတွင် ပွင့်လင်းမှု မရှိခြင်း၊ မဲရလဒ်များ ရှေ့နောက်မညီခြင်းနှင့် ရလဒ်များ ပြောင်းလဲမှု ရှိနေခြင်းကဲ့သို့ မဲမသမာမှုများကို ပါတီထံသို့ တိုင်ကြားမှုများ ရောက်ရှိနေသဖြင့် မဲပြန်ရေတွက်ပေးရန် ပါတီဘက်က တိုက်တွန်းထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မဲပေးသူများ၏ အခွင့်အရေးကို ဥပဒေအရကာကွယ်နိုင်ရန်အတွက် သက်သေ အထောက်အထားများကို စုဆောင်း၍ ပေးပို့နိုင်ပြီး နိုင်ငံတစ်ဝန်း စုဆောင်းသွားမည်ဖြစ်ကြောင်း Pheu Thai ပါတီဘက်က ပြောသည်။
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို အမှိုက်ပုံးထဲ စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် မဲပြန်ရေတွက်ပေးရန် ပြည်သူများက ဆန္ဒပြတောင်းနေကြသည်။
မဟာစမ်ရခမ်းနယ်မြေ၊ ဥဘွန်းရတ်ချနာနီနယ်မြေများတွင်လည်း မဲရလဒ်နှင့်ပတ်သက်၍ တိုင်ကြားမှု ရှိနေသလို ခွန်ကယ် ခရိုင်၌ မဲပေးခွင့်ရှိသူ ခုနစ်သောင်းကျော်ရှိရာတွင် အနိုင်ရပါတီဖြစ်သော Bhumjaithai ပါတီက မဲ တစ်သိန်းကျော် ရရှိနေသဖြင့် တိုင်ကြားမှုများ ရှိသည်။







