ဂရင်းလန်းနှင့် ယုံကြည်မှုကို ပြန်တည်ဆောက်ရန် အမေရိကန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တစ်ခုက ဂရင်းလန်းကျွန်းသို့ သွားရောက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။
ယင်းခရီးစဉ်မှာ ဂရင်းလန်ကျွန်းကို သိမ်းပိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားခဲ့ရသည့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို လိုအပ်လျှင် အင်အားသုံး၍ သိမ်းပိုက်မည်ဖြစ်ကြောင်း ထရမ့်က အကြိမ်ကြိမ် ခြိမ်းခြောက်ထားသောကြောင့် ဥရောပ မဟာမိတ်နိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ရုရှားနှင့် တရုတ်တို့ထံမှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် ထရမ့်က အကြောင်းပြသည်။
“ဒုတိယကမ္ဘာစစ်ပြီးကတည်းက တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုဟာ စကားလုံးအနည်းငယ်ကြောင့်ပဲ ပျက်စီးယိုယွင်း သွားခဲ့ရပါတယ်” ဟု ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် လီဆာ မာကောင်းစကီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဒီယုံကြည်မှုကို ကျွန်မတို့ ပြန်တည်ဆောက်ဖို့ လိုအပ်ပါတယ်” ဟု သူမက ဆိုသည်။
ဂရင်းလန်းကျွန်းသို့ သွားရောက်ခဲ့သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် သမ္မတထရမ့်နှင့် သဘောထားကွဲလွဲလေ့ရှိသူ အလယ်အလတ်ဝါဒီ မာကောင်းစကီး၊ တစ်သီးပုဂ္ဂလအမတ် အန်းဂတ်စ် ကင်း၊ ဒီမိုကရက်အမတ်များဖြစ်ကြသည့် ဂယ်ရီ ပီတာစ်နှင့် မက်ဂီ ဟာဆန်တို့ ပါဝင်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဂရင်းလန်းကျွန်း ၊ ပီတူဖစ်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ပြီး ဂရင်းလန်ဝန်ကြီးချုပ် ဂျန်စ်ဖရက်ဒရစ် နီလ်ဆင်နှင့်လည်း တွေ့ဆုံခဲ့သည်။
ဂရင်းလန်းကျွန်း၏ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် မော့စ်ဖဲ့လ်နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ပြီးခဲ့သည့် လတွင် အမေရိကန်နှင့် နေတိုးအကြား ဂရင်းလန်းကျွန်း၌ အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေမည့် သဘောတူညီချက်မူဘောင်တစ်ရပ် ရရှိခဲ့သည်။
ယင်းနောက် သမ္မတထရမ့်သည် ဂရင်းလန်ကို သိမ်းပိုက်မည်ဆိုသည့် ၎င်း၏ခြိမ်းခြောက်မှုများကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အာတိတ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အမေရိကန်-ဒိန်းမတ်-ဂရင်းလန် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကိုမူ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပေ။
“ကျွန်တော်တို့မှာ ဒီယုံကြည်မှုကို ချိုးဖောက်ခဲ့တဲ့ သမ္မတတစ်ယောက် ရှိနေတယ်။ ဒါဟာ တော်တော်လေးကို သိသိသာသာ ထိခိုက်သွားစေခဲ့တာဖြစ်လို့ အခု ကျွန်တော်တို့ ဒါကို ပြန်လည်ကုစားရမှာဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ပီတာစ်က ဆိုသည်။
“ကျွန်တော်တို့က ခင်ဗျားတို့ကို မိတ်ဆွေတွေအဖြစ် သတ်မှတ်ပါတယ်။ ခင်ဗျားတို့ဘက်ကလည်း ကျွန်တော်တို့ကို မိတ်ဆွေလို့ သတ်မှတ်စေချင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
သမ္မတထရမ့်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို လက်ခံသဘောတူသော်လည်း ဆွေးနွေးမှုများအတွင်း အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လုံးဝအလျှော့ပေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း ဒိန်းမတ်နှင့် ဂရင်းလန်တို့က ထုတ်ပြန်ထားသည်။
Source: AFP







