ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းနှင့် ပလောက်မြို့ကြား ကျေးရွာများတွင် ဖုန်းလိုင်းပြတ်

February 10, 2026

ဓာတ်ပုံ - Dawei Watch

သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကျေးရွာ အများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး အဆက်အသွယ် မရဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၊ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ဆင်ကျန်း၊ ပိတိုင်၊ ချောက်ချောင်း၊ ပြင်းဖြူကြီး၊ စုံစင်ဖျား၊ မင်းဒပ်၊ ရငဲ၊ သဲချောင်းကြီးကျေးရွာနှင့် ပလောက်မြို့အနီးက ဆင်ထိုးကြီးကျေးရွာ စသည့်ကျေးရွာများတွင် ဖုန်းအဆက်အသွယ်မရ ဖြစ်နေ ကြောင်း လက်ရှိတွင် အခြားနေရာသို့ ရောက်ရှိနေသည့် အထက်ပါကျေးရွာ ဒေသခံအချို့က ပြောသည်။

အဆိုပါကျေးရွာများရှိ ဒေသခံတို့ကို Dawei Watch က ဖေဖော်ဝါရီလ ၉ ရက်က ဖုန်းခေါ်ဆိုရာတွင်လည်း အဆက်အသွယ် မရခဲ့ပေ။

ဖေဖော်ဝါရီလ ၃ ရက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ကျွဲစပ်ရွာသို့ ရောက်ရှိနေပြီး စစ်ကြောင်းဆင်းလာသည့် နေ့ကတည်းက ကျေးရွာအချို့တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံအချို့က ဆိုသည်။

ယခင်က စစ်ကြောင်းလာလျှင်လည်း ဖုန်းလိုင်းများ ပြတ်တောက်ကာ ဆက်သွယ်ရခက်ခဲခြင်းမျိုး ကြုံရလေ့ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းလာသည့် ဖေဖော်ဝါရီ ၃ရက် ည ၉နာရီခန့်တွင်ပင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့ကလည်း ကားဖြင့်လာရောက်ပြီး မင်းဒပ်ရွာရှိ ဖုန်းတာဝါတိုင်ကို ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဘာရည်ရွယ်ချက်နဲ့ ဖုန်းတာဝါတိုင်ကိုလာပြီး ရိုက်ဖျက်သွားလဲ မသိဘူး။ အဲဒီနေ့ကတည်းက ဖုန်းလိုင်းတွေ မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါဒေသခံမှာ ဖုန်းလိုင်းရသည့် အခြားနေရာတစ်ခုသို့ ရောက်ရှိနေသောကြောင့်သာ Dawei Watch က ဖုန်းဖြင့် ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေးတာဝါတိုက် ဖျက်ဆီးခဲ့သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ KNLA တပ်ရင်း (၁၂) တာဝန်ရှိသူတစ်ဦးထံ ဖေဖော်ဝါရီလ ၉ရက်က စာဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယင်းအပြင် KNLA က ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက်နေသည်ဟု အထက်ဖော်ပြပါ ကျေးရွာအချို့မှ ဒေသခံအချို့က ပြောဆိုကြပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသခံများသည် အော်ပရေတာအမျိုးမျိုး၏ ဖုန်းဆင်းကတ်များကို ဝယ်ထားကြပြီး အော်ပရေတာတစ်ခု ဆက်သွယ်၍ မရလျှင် အခြား ဆင်းကတ်တစ်ခုဖြင့် ဆက်သွယ်လေ့ရှိကြသော်လည်း ယခုတစ်ကြိမ်တွင် အော်ပရေတာ အားလုံး ဆက်သွယ်၍ မရတော့ဘဲ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။