ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် နှစ်ပတ်အတွင်း တတိယအကြိမ်မီးရှို့

February 10, 2026

ပုံစာ - ရှပ်ပုံရွာက မီးရှို့ခံရသည့်နေအိမ်များ(ပုံဟောင်း)

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများ သီတင်းပတ် နှစ်ပတ်အတွင်း တတိယအကြိမ် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက် ည ၇နာရီခန့်က ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများက တတိယအကြိမ် မီးရှို့ရာ နေအိမ်လေးဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မီးခိုးတွေ တက်နေတာတွေ့နေရတယ်။ အိမ်လေးဆောင် လောင်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ရှပ်ပုံရွာသည် ပုလောမြို့၏ ချောင်းတစ်ဖက်တွင် တည်ရှိပြီး ရှပ်ပုံရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့ခြင်းဖြစ်ကြောင်းကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ရှပ်ပုံရွာရှိ နေအိမ်များကို မီးရှို့ရာ နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဒုတိယအကြိမ် မီးရှို့ရာ နေအိမ် ရှစ်ဆောင် ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

တတိယအကြိမ်တွင် လေးဆောင်ပျက်စီးသဖြင့် နေအိမ်ပျက်စီးမှု စုစုပေါင်း ၅၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရှပ်ပုံကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်ကို ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီလ ၂၅ ရက်တွင် တော်လှန်ရေး တပ်များက တိုက်ခိုက်သည်။ ယင်းနောက် ခြောက်ရက်ခန့်အကြာတွင် ထိတွေ့ တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ် နေအိမ်များကို စတင်မီးရှို့ဖျက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရှပ်ပုံရွာတွင် စစ်အာဏာရှင်တပ်သားများသည် ပုလောမြို့နှင့်နီးသည့် ရွာအ‌ရှေ့ဘက်ပိုင်းတွင် နေရာယူထားပြီး ရွာ၏ အနောက်ဘက်ပိုင်းတွင် တော်လှန်ရေးတပ်များက နေရာယူထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“ရွာထဲပိုင်းမှာက လူတွေ မရှိတော့ဘူး။ တိုက်ပွဲက ပထမအကြိမ် မီးရှို့ခံရကတည်းက မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ပထမအကြိမ် မီးရှို့ခံရစဉ်က ဒေသခံများ သွားရောက်မီးငြှိမ်းသတ်ရာ စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ထပ်မံမီးရှို့မှုများတွင် သွားရောက် မငြှိမ်းသတ်ရဲတော့ကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။

ပုလောမြို့နယ်ရှိ ပလမြို့နှင့် ရွာအချို့တွင် ရွေးကောက်ပွဲပြီးနောက် စစ်အာဏာရှင်တပ်သားများ မီးရှို့နေသဖြင့် ပျက်စီးဆုံးရှုံးသည့် နေအိမ်၂၅၀ကျော်အထိ ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။