ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို အမှိုက်ပုံးထဲ စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် မဲပြန်ရေတွက်ပေးရန် ပြည်သူများက ဆန္ဒပြတောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၈ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲပြီးနောက် ချွန်ဘူရီခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံပစ္စည်း အားလုံးကို ကြက်တောင်ကွင်းထဲတွင် ထားရှိထားပြီး မဲပေးတာလီစာရွက်များ၊ လုံခြုံရေးစည်းများကို အမှိုက်ပုံးထဲ စွန့်ပစ် ထားသည်ကို တွေ့ရသဖြင့် မဲစာရင်းလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ပြည်သူများက သံသယရှိလာခြင်းဖြစ်သည်။
မဲပုံးများကိုလည်း လုံခြုံသော ဌာနဆိုင်ရာနေရာများသို့ ပို့ဆောင်ခြင်းမရှိဘဲ ကြက်တောင်ကွင်းတွင် ထိန်းသိမ်းထားသည် မှာလည်း သံသယဖြစ်စေကြောင်း ဖော်ပြသည်။
မဲပုံးများကို လုံခြုံရေးစည်းဖြင့် ချည်နှောင်ထားခြင်း မရှိသဖြင့် လုံခြုံရေးစည်းကိုဖယ်၍ မဲပုံးကို ဖွင့်ထားသည်ဟု ပြည်သူများက သံသယရှိကြောင်း သတင်းများတွင် ဖော်ပြသည်။






အချို့မဲပုံးများတွင် အရောင်မတူသော မဲစာရွက်များလည်း ရောနှောနေသည်ကို တွေ့ရကြောင်း ဆိုသည်။
နောက်ထပ် လုံခြုံရေးစည်းများထည့်ထားသော အိတ်များကိုလည်း ပြည်သူများက ထပ်တွေ့ရသဖြင့် မဲပုံးများကို တာဝန်ရှိသူများက ဖွင့်-ပိတ် လုပ်ထားခဲ့ကြကြောင်း ဆန္ဒပြပြည်သူများက ပြောသည်။
မဲရုံတာဝန်ရှိသူများကမူ လုံခြုံရေးစည်းများ ကုန်သွားသဖြင့် ထပ်မှာယူထားခြင်းဖြစ်ကြောင်း ပြည်သူများကို ဖြေရှင်းထားသည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ မဲရလဒ်ကို ပြည်သူများက သံသယရှိလာသဖြင့် မဲများကို ပြန်ရေတွက်ရန် ဇန်နဝါရီလ ၉ ရက် တစ်ညလုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်က မဲများကို ပြန်ရေတွက်ရန် လုပ်ပိုင်ခွင့်မရှိဘဲ ဗဟိုရွေးကောက်ပွဲကော်မရှင်ကသာ လုပ်ပိုင်ခွင့်ရှိကြောင်း တုံ့ပြန်ဖြေရှင်းထားသည်။
ဆန္ဒပြ ပြည်သူများကလည်း ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများကို အပြင်ထွက်ခွင့် မပေးခဲ့ဘဲ ဖြေရှင်းချက်ပေးရန် ကြက်တောင်ကွင်းထဲတွင် ယနေ့ နံနက်ပိုင်းအထိ ညလုံးပေါက် တောင်းဆို စောင့်ဆိုင်းခဲ့ကြကြောင်း ဖော်ပြသည်။
ပထုံဌာနီရှိ အမှတ် ၇ မဲဆန္ဒနယ်မြေ တက္ကသိုလ်ထဲတွင် မဲရေတွက်နေစဉ် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ကျောင်းသားများနှင့် လေ့လာစောင့်ကြည့်သူများက ဆန္ဒပြခဲ့ကြပြီး မဲရလဒ်ပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သေးသည်။
နောက်ထပ် မဟာစမ်ရခမ်းနယ်မြေ၊ ဥဘွန်းရတ်ချနာနီနယ်မြေများတွင်လည်း မဲရလဒ်နှင့်ပတ်သက်၍ တိုင်ကြားမှု ရှိနေသလို ခွန်ကယ်ခရိုင်၌ မဲပေးခွင့်ရှိသူ ခုနစ်သောင်းကျော်ရှိရာတွင် အနိုင်ရပါတီဖြစ်သော Bhumjaithai ပါတီက မဲ တစ်သိန်းကျော် ရရှိနေသဖြင့် တိုင်ကြားမှုများ ရှိသည်။
Ref: Thai Enquirer, Khaosod, The Nation Thailand







