ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဗြောက်ကြားမှာ အသက်ငင်နေသည့် ကမ်းနီးရေလုပ်ငန်း

January 10, 2026

ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းမှ ဒေသခံအများစုမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူများ ဖြစ်သည်။ အာဏာမသိမ်းမီက စီးပွားရေး ချောင်လည်ခဲ့ကြသော ကမ်းနီးရေလုပ်သားများသည် ယခုအခါ အခက်အခဲ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

စက်သုံးဆီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် လှေထွက်စရိတ်နှင့် ရရှိသည့်အမြတ် မမျှတတော့ဘဲ အရှုံးပေါ်သည့်ရက်များ များပြားလာနေသည်။ လမ်းပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံသို့ ငါးတင်ပို့ရန် ခက်ခဲလာပြီး ငါးဈေးနှုန်းများလည်း ကျဆင်းနေသည်။

အချို့နေရာများတွင် ညဘက်ငါးဖမ်းထွက်ပါက စစ်အာဏာရှင်ရေတပ်က ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသလို၊ နေ့ဘက်တွင်လည်း စစ်သင်္ဘောများ၏ ဖမ်းဆီးစစ်ဆေးခြင်း၊ ငါးများကို အဓမ္မတောင်းခံခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကို ကမ်းနီးရေလုပ်သားများ ကြုံတွေ့နေရသည်။

ရေလုပ်သားများသည် ဝမ်းစာရှာဖွေနိုင်ရန်အတွက် စစ်အာဏာရှင်တပ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ငွေကြေးပေးဆောင်ပြီးမှ ငါးဖမ်းထွက်နေကြရခြင်း ဖြစ်သည်။ ထို့ပြင် ကမ်းဝေးငါးဖမ်းလှေများ၏ စည်းကမ်းမဲ့ ကျူးကျော်ငါးဖမ်းဆီးမှုဒဏ်ကိုလည်း ကမ်းနီးလှေငယ်သမားများ ခံစားနေရသည်။

ဤသို့သောအခြေအနေများကြောင့် ကမ်းနီးရေလုပ်သားအချို့မှာ လုပ်ငန်းစွန့်ခွာရန်အထိ စိတ်ကူးနေကြသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန် “တနင်္သာရီပုံရိပ်” အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“ငါးကလည်းအရနည်း၊ ဈေးကလည်းမငြိမ်၊ ဒီကြားထဲ ဟိုပေးရ၊ ဒီပေးရဆိုတော့ ကမ်းနီးသမားတွေ တော်တော်ခက်ခက်ခဲခဲ ရုန်းကန်နေရတာ”

လောင်းလုံးမြို့နယ် ကမ်းနီးလှေပိုင်ရှင်တစ်ဦး

DW ။ အာဏာသိမ်းပြီးနောက်ပိုင်း ကမ်းနီးလှေလုပ်သားတွေ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။

ဖြေ ။ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကတော့လေ လှေတွေကတော့ ပုံမှန်အတိုင်းပဲ ထွက်နေကြတာပေါ့လေ။ ငါးကတော့ ရတဲ့သူလည်းရ၊ မရတဲ့သူလည်းမရ အဲလိုမျိုးတော့ ဖြစ်နေတာပေါ့။ ငါးကဈေးမရှိဘူး။ ငါးဈေးကနည်းပြီး စရိတ် ကကြီးနေတော့ လှေတွေက အဆင်မပြေကြဘူး။

DW ။ လမ်းခရီးအခက်အခဲကြောင့် ထိုင်းနိုင်ငံကို ဒေသထွက်ငါးတွေ ပို့မရလို့ ငါးဈေးကျတယ်လို့ ကြားရတယ်။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ငါးအဝယ်ဒိုင်တွေကတော့ အဲလိုပဲပြောကြတယ်။ လမ်းခရီးတွေပိတ်တဲ့အခါကျရင် ငါးဈေးတွေပါ ချပစ်လိုက်တယ်။ အဲဒီအချိန်မှာ ကိုယ်တွေလှေရှင်တွေမှာကျတော့ အလုပ်လုပ်စားရတာ ပင်ပန်းသွားတယ်။ ငါးဈေးက မငြိမ်ဘူးလေ။ သူတို့ကပြောတယ် လမ်းတွေကသွားလို့မရဘူး၊ ငါးဒိုင်တွေက အဲလိုပြောကြတယ်။ ဒီကငါးတွေက ဈေးမရတော့ဘူးပေါ့နော်။ လှေသမားတွေကတော့ သိတဲ့အတိုင်းပဲလေ။ ငါးအဝယ်ဒိုင်တွေ အဆင်ပြေမှပဲ ကိုယ်တွေကလည်း ဈေးကောင်းရတာကိုး။ သူတို့အဆင်မပြေဘူးဆို ကိုယ်တွေကလည်း ဈေးကောင်းမရဘူးပေါ့။ အဲလိုမျိုးနဲ့ပဲ လုပ်စားနေကြရတာပေါ့။ ဒီလိုအခြေအနေထဲမှာတော့ ကိုယ်ကိုယ်တိုင်လည်း သွားရောင်းလို့မှ မရတာကိုး။ သူတို့ဝယ်မှ ကိုယ်ကရောင်းရတာဆိုတော့ သူတို့ပေးတဲ့ဈေးပဲ ရတာပေါ့နော်။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးအချိန် နှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဘာပဲပြောပြော အရင်ကနဲ့တော့ မတူတော့ဘူးပေါ့။ အရင်ကဆို ပွင့်ပွင့်လင်းလင်း လုပ်စားလို့ရတယ်။ ကိုင်စားလို့ရတယ်။ သွားရေးလာရေးမှာလည်း ဘာအခက်အခဲမှလည်း မရှိဘူး။ စရိတ်စကတွေကလည်း ဒီလောက်မကြီးဘူး။ အဲဒီအချိန်တုန်းကဆိုရင် ငါးဈေးအခြေအနေက ထိုင်းဘတ်ဈေး အတက်အကျနဲ့ပဲ ဆိုင်တယ်။ ဘတ်ဈေးကျရင် ကျတယ်ပေါ့။ တက်ရင် ငါးဈေးတက်တယ်ပေါ့။ အခုက ဘတ်ဈေးအတက်အကျလည်း ရှိတယ်။ လမ်းပိတ်တာတွေနဲ့လည်း ဆိုင်နေတယ်။

DW ။ လှေအထွက်စရိတ်ကြီးတော့ ဘာတွေအခက်အခဲဖြစ်တာလဲ။ အဲဒီအကြောင်းလေး ပြောပြပေးပါ။

ဖြေ ။ အခုလှေရှင်တွေက ဘာတွေဖြစ်နေလဲဆိုရင် စက်သုံးဆီဈေးတွေ၊ စားစရိတ်တွေ အကုန်လုံးက ဈေးကြီးတဲ့အခါကျတော့ ကိုယ့်မှာရလာတဲ့ငါးနဲ့ ဟိုဘက်က လမ်းတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ သွားလို့မရဘူး၊ အဲလိုမျိုးနဲ့ပဲ ဒီကငါးဈေးတွေက ချခံလိုက်ရတယ်။ ဒီတစ်လဆို ရလိုက်၊ နောက်တစ်လဆိုရင် အဆင်မပြေဖြစ်လိုက် အဲလိုမျိုးနဲ့ ချာချာလည်နေတာ။ အဓိကတော့ ငါးဈေးက ပုံမှန်မရှိတော့ ရှုံး တဲ့အခါရှုံး၊ မြတ်တဲ့အခါမြတ် အဲလိုဖြစ်နေတာ။

DW ။ ဟိုအဖွဲ့၊ ဒီအဖွဲ့တွေကို ပေးရ၊ ကမ်းရတာတွေလည်း ရှိတယ်။ စစ်အာဏာရှင်ရေတပ်တို့ အပါအဝင်ပေါ့။ အဲဒီအခြေအနေလည်း ပြောရသလောက် ပြောပြပေးပါ။

ဖြေ ။ မိုးတွင်းဆိုရင်တော့ ပေးရတယ်။ စစ်သင်္ဘောတွေကိုပေါ့။ (လှေတွင်တပ်ဆင်သည့် အင်ဂျင်စက်) မြင်းကောင်ရေ ၃၀ အောက်ဆိုရင်တော့ ပေးစရာမလိုဘူး။ အဲဒီအထက်ဆိုရင်တော့ ပေးရတယ်။ အခုလှေတွေကလည်း စက်တွေက အကြီးကြီး၊ လှေတွေက အကြီးကြီးတွေချည်းပဲဆိုတော့ (မြင်းကောင်ရေ) ၃၀ အောက်ဆိုတာက နည်းနည်းပါးပါးပဲ ရှိတော့တယ်။ ပိုက်ဆံပေးရတာကလည်း မိုးတွင်းဆိုရင် ပိုပေးရတယ်။ အခုလည်း မျှောပိုက်လှေသမားတွေဆိုရင် ပေးနေရတာပဲ။ သူ့လမ်းကြောင်းနဲ့သူပဲ။ တချို့ (ကျပ်သိန်း) ဆယ်ဂဏန်းပေးရတယ်။ ပေးရတာကတော့ အစားစားပဲ။ တစ်စီးနဲ့တစ်စီးလည်း မတူဘူးပေါ့။ ငါးကလည်းအရနည်း၊ ဈေးကလည်းမငြိမ်၊ ဒီကြားထဲ ဟိုပေးရ၊ ဒီပေးရဆိုတော့ ကမ်းနီးသမားတွေ တော်တော်ခက်ခက်ခဲခဲ ရုန်းကန်နေရတာပေါ့နော်။ ကျွန်မဆို လှေရောင်းပြီး မလေးရှားသွားမလားတောင် စဉ်းစားနေတယ်။

“ငါးဖမ်းထွက်ဖို့တောင်မှ စစ်သင်္ဘောတွေတွေ့ရင် ပြန်ပြေးရတယ်။ သူတို့စစ်ဆေးလို့ တစ်ခုခု အမြင်မကြည်ရင် ပစ်သတ်ခဲ့မှာစိုးလို့”

အသက် (၄၀) ဝန်းကျင် အမျိုးသားတစ်ဦး၊ ကော်ဇယားကျေးရွာ၊ ကျွန်းစုမြို့နယ်

DW ။ ရေလုပ်ငန်း အခြေအနေ ဘယ်လိုရှိလဲရှင်။ မိသားစုဝင် ဘယ်နှဦးလောက်ရှိလဲရှင်။

ဖြေ ။ အလုပ်အကိုင်တွေကတော့ မိုးကုန်ပြီးကတည်းက အဆင်မပြေတော့ဘူး။ မိုးရာသီတုန်းကလည်း မိုးရာသီမို့လို့ အလုပ်မလုပ်ရ၊ အခု နွေရာသီရောက်ပြန်တော့ သိတဲ့အတိုင်း ဒေသအတွင်း အခြေအနေကမအေး၊ ဘာမှမလုပ်ကိုင်စားရဘူး။ မိသားစုဝင်ကတော့ အိမ်ထောင်ခွဲရော အပါအဝင် (၁၀) ယောက်လောက်ရှိတယ်။ လက်ရှိအိမ်မှာက (၈) ယောက်ရှိတယ်။

DW ။ ဒေသတွင်းအခြေအနေမအေးတော့ စားဝတ်နေရေးအတွက် ဘာတွေလုပ်ကိုင်စားသောက်နေကြလဲရှင်။ ငါးဖမ်းရရှိမှုအခြေအနေကရော ဘယ်လိုရှိလဲရှင်။

ဖြေ ။ ဘာတွေလုပ်စားနေကြလဲဆိုတော့ သူများတောင်ယာတွေ တောခုတ်လိုက်၊ ဂွေး (မျှင်ငပိလုပ်ရာတွင် ပါဝင်သော မျှင်ကောင်ငယ်များ) ထိုးလိုက်၊ ငပိလုပ်လိုက်နဲ့ စားသောက်နေရတာပါပဲ။ ငါးတွေကတော့ သိပ်မရဘူး။ ရရင်လည်း ရွာမှာရောင်းဖို့၊ အိမ်စားဖို့ နည်းနည်းပါးပါးပဲ ရတယ်။

DW ။ ဘာလို့ ငါးရတာနည်းသွားတာလဲရှင်။ ငါးရတာနည်းတော့ သွားလာရတဲ့ စရိတ်စကနဲ့ ကာမိရဲ့လားရှင်။

ဖြေ ။ ငါးရနည်းတာက ဦးလေးတို့က တစ်ပိုင်တစ်နိုင်လုပ်သားတွေလေ။ လှေကလည်းငယ်၊ ငါးဖမ်းဖို့ ပစ္စည်းကိရိယာတွေကလည်း နည်းတယ်လေ။ ဒီတော့ ငါးများများစားစား မရပါဘူး။ တစ်ခါတလေ ညဘက်ပိုက်ထောင်ရရင်တော့ နည်းနည်းပိုရကြတာပေါ့။ စက်လှေနဲ့ သွားလာရတော့ စရိတ်ထဲမှာ ဆီဈေးကတော့ အဓိကပေါ့။ ဦးလေးတို့ဘက်မှာ ဆီတွေ လိုသလောက် ဝယ်မရတော့ ဆီဈေးတအားကြီးတယ်။ ဒီကြားထဲ စက်ပျက်ရင် သွားပြီ ပဲ။ ဒါကြောင့် အခုနောက်ပိုင်း လှော်တက်နဲ့ ပဲ အညောင်းခံပြီး လှော်တာများတယ်။ စရိတ်ချွေတာတာပေါ့။

DW ။ ငါးဖမ်းရင် တစ်နေ့ကို ဘယ်နှပိဿာလောက် ရလဲရှင်။ ညဘက်ဖမ်းရင်ရော ဘယ်လောက်ထပ်ရလဲရှင်။

ဖြေ ။ တစ်နေ့ကို ၂ ပိဿာလောက်တော့ ရတယ်။ မရတဲ့ရက်ဆိုရင်တော့ (၅၀) သားလောက်တော့ ရတယ်။ ညဘက်ဖမ်းရင်တော့ ပိုရတယ်။ တစ်ညကို (၃) (၄) ပိဿာလောက် ရတယ်။ အခုတော့ ညဘက်လည်း ငါးမဖမ်းရတာကြာပြီ။ စစ်သားတွေက သင်္ဘောတွေနဲ့ရော လှေတွေနဲ့ရော ညဘက် ကင်းလှည့်နေကြတယ်လေ။ ညဘက်ပင်လယ်ထဲ ရေလုပ်သားတွေတွေ့ရင် ပစ်မိန့်ထုတ်ထားတယ်။

DW ။ ငါးတစ်ပိဿာကို ဒေသပေါက်ဈေး ဘယ်လောက်ရှိနေလဲရှင်။ ဓာတ်ဆီဈေးကရော တစ်လီတာ ဘယ်ဈေးပေါက်နေလဲရှင်။

ဖြေ ။ ငါးဈေးတွေကတော့ အမျိုးမျိုး ပဲ ကွယ်။ ဇယောတို့၊ ကပေါင်းတို့လို ငါးအကောင်ကြီးတွေက တစ်ပိဿာ ၃ သောင်းကျော်တယ်။ သူဌေးစားတဲ့ငါးတွေပေါ့ကွာ။ ကပြုန်းတို့လို တခြားငါးတွေက ၁ သောင်းဝန်းကျင်လောက်တော့ ရှိတယ်။ ဓာတ်ဆီဈေးက ၃၅၀၀ ဖြစ်လိုက်၊ ၄၀၀၀ ဖြစ်လိုက်၊ တော်ကြာ ၅၀၀၀ ဖြစ်လိုက်နဲ့ အမျိုးမျိုးပါပဲကွယ်။

DW ။ ငါးဖမ်းတစ်ခါထွက်ရင် ဆီဘယ်လောက်ကုန်လဲရှင်။ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲရှင်။

ဖြေ ။ ငါးဖမ်းတစ်ခါထွက်ရင်တော့ ဆီတစ်ဘူးလောက် ကုန်တယ်။ အခုနောက်ပိုင်းတော့ လက်နဲ့လှော်တာများတယ် ဆီဖိုးသက်သာအောင်လေ။ ကုန်ကျစရိတ်ကတော့ ဆေးလိပ်ဝယ်တယ်၊ မုန့်နည်းနည်းဝယ်မယ်၊ ဆီဖိုးရယ်နဲ့တော့ ၁ သောင်းလောက်ကုန်တယ်။ အခုခေတ် ကုန်ဈေးနှုန်းက ၁ သောင်းဆိုတာ ဘာမှမရဘူးကွယ်။

DW ။ ညဘက်စစ်သင်္ဘောတွေ ကင်းလှည့်လို့ ငါးဖမ်းရတာ အဆင်မပြေဘူးလို့ ဦးလေးပြောတယ်နော်။ နေ့ဘက်ကရော စစ်သင်္ဘောတွေ မလာကြဘူးလားရှင်။

ဖြေ ။ နေ့ဘက်လည်း ကင်းလှည့်နေတဲ့ စစ်သင်္ဘောတွေ ရှိတယ်။ ငါးဖမ်းလှေငယ်တွေတွေ့ရင် ခေါ်တယ်။ စစ်ဆေးတယ်။ ငါးတွေတောင်းတယ်။ သူတို့စိတ်ကြည်ရင်လည်း ပြောဆိုရ အဆင်ပြေပါတယ်။ ညဘက်ကျရင်တော့ ပင်လယ်ထဲမီးမြင်ရင် မရဘူး။ ရမ်းသန်းပြီး ပစ်တယ်။ စားဝတ်နေရေးအတွက် မသေအောင် ရှောင်ရတာပေါ့ကွယ်။ ကြားထဲက ငတ်ပြီးသေဖို့ ပဲ ကျန်ပြီ ဒီလိုသာ ရှေ့ဆက်ရရင်တော့။

DW ။ ဒီလိုအခြေအနေတွေမှာ တခြားဒေသ ဆွေမျိုးတွေဆီ ရွှေ့ပြောင်းနေဖို့ တွေးဖူးလားရှင်။

ဖြေ ။ ဘုတ်ပြင်းက အမျိုးတွေဆီသွားဖို့ တွေးဖူးပါတယ်။ ဒါပေမဲ့လည်း သူတို့ဘက်မှာ အခြေအနေက မအေးဘူးလေ။ အတူတူပါပဲ၊ ဘယ်ပြေးပြေး လွတ်မှာမဟုတ်ဘူး။ အလုပ်တွေ လုပ်ရဖို့ပဲလိုတယ်။ ၂၀၂၅ နှစ်စလောက်တုန်းက အေးချမ်းသေးတယ်။ အခုနှစ်ကုန်ခါနီးမှာပဲ တော်တော်အခြေအနေဆိုးတယ်။ ပျူစောထီးတွေလည်း လက်နက်တကားကားနဲ့ ဟိုလူနားကတောင်းလိုက်၊ ဒီလူနားကတောင်းလိုက်နဲ့ မူးယစ်ဆေးဝါးတွေကလည်း ပေါမှပေါ။

DW ။ ကျွန်းစုမြို့နယ်ဘက်က ရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ခဏခဏထိုးနေတယ်လို့ ကြားတယ်။ ဦးလေးတို့ရွာကိုရော ဝင်သေးလားရှင်။

ဖြေ ။ ဝင်တာပေါ့။ ကြေးပြားတွေတောင်းတယ်။ အိမ်တွေဖျက်ဆီးခဲ့တယ်။ ဦးလေးတို့ ကြောက်မှကြောက်ပဲ။ နေရတာလည်း စိတ်ညစ်တယ်။ ငါးဖမ်းထွက်ဖို့တောင်မှ စစ်သင်္ဘောတွေတွေ့ရင် ပြန်ပြေးရတယ်။ သူတို့စစ်ဆေးလို့ တစ်ခုခု အမြင်မကြည်ရင် ပစ်သတ်ခဲ့မှာစိုးလို့။

DW ။ ဘာတွေထပ်ဖြည့်ပြီး ပြောချင်သေးလဲရှင်။

ဖြေ ။ နိုင်ငံရေးမြန်မြန်ကောင်းချင်ပြီ။ ဦးလေးတို့ ပင်လယ်သားတွေက နိုင်ငံရေးဆိုတာ သိနားမလည်ပေမဲ့ အခုတော့ တော်တော်နားလည်နေပါပြီ။ နိုင်ငံရေးမကောင်းရင် ပြည်သူတွေရဲ့ စီးပွားရေး၊ စားဝတ်နေရေး ဘာတစ်ခုမှ အဆင်မပြေဘူးဆိုတာ။ အရင်က မသိခံသာနေခဲ့ဖူးတယ်။ ဒီအခြေအနေတွေ မြန်မြန်ကုန်ချင်ပြီ။ စစ်သားအင်္ကျီမြင်တာနဲ့ ဒူးတုန်နေရတဲ့ဘဝကို ကုန်ဆုံးချင်ပြီ။ အေးအေးဆေးဆေး တံငါသည် ရေလုပ်သားဘဝကို လုပ်စားချင်ပြီကွယ်။

“ဒီမှာက ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်။ ကမ်းဝေးလှေတွေက ပိုက်ဆံပေးထားနိုင်တော့ ကမ်းနီးဝင်နေလည်း ပြောမယ့်သူမရှိဘူး”

ဒေသခံတစ်ဦး၊ KNU တပ်မဟာ ၄ ထိန်းချုပ်ဒေသ၊ သရက်ချောင်းမြို့နယ်

DW ။ သရက်ချောင်းက ကမ်းနီးလှေတွေ လုပ်ကိုင်စားရတာ အဆင်ပြေရဲ့လား။

ဖြေ ။ သိပ်အဆင်မပြေဘူး။ ကမ်းဝေးလှေတွေက အနီးမှာဝင်ဆွဲနေတော့ လှေငယ်တွေက ပိုက်တွေပြတ်၊ မြုံတွေပျောက်နဲ့ မျိုးစုံဖြစ်နေတာပဲ။

DW ။ ကမ်းဝေးလှေတွေ ဝင်ဆွဲနေတာ အရေးယူတာတွေ မရှိဘူးလား။

ဖြေ ။ ဒီမှာက ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်။ ကမ်းဝေးလှေတွေက ပိုက်ဆံပေးထားနိုင်တော့ ကမ်းနီးဝင်နေလည်း ပြောမယ့်သူမရှိဘူး။ ဘယ်သူ့မှလည်း မဖမ်းဘူး။ အခုက ပေါ်တင်ကြီးကို ဝင်ဆွဲနေကြတာ။ သိလည်းသိနေတယ်၊ မြင်လည်းမြင်နေတယ်။ ဘာမှပြောတာမရှိဘူး။

DW ။ ကမ်းနီးလှေတွေဆိုရင် သက်ဆိုင်ရာကို ပိုက်ဆံမပေးရဘူးလား။

ဖြေ ။ ပေးရတာပေါ့။ တစ်နှစ်ကို ဘယ်လောက်ဆိုပြီး အခွန်ကောက်တာရှိတယ်။ ပင်လယ်ထဲမှာလည်း တစ်ခါပေးရသေးတယ်။ ဆီပုံး (စက်သုံးဆီပုံး) တွေဆိုရင်လည်း တစ်ပုံးကို ဘယ်လောက်ဆိုပြီး ကောက်တာတွေရှိသေးတယ်။ အဲဒီလိုမျိုးလုပ်နေတာကို KNU အထက်လူကြီးတွေက ခွင့်ပြုထားတာလား၊ ခွင့်မပြုဘူးလား ဆိုတာကို သိချင်နေကြတယ်။ သူတို့ကတော့ အထက်က ခွင့်ပြုချက်နဲ့ကောက်တာလို့ ပြောတာပဲ။

DW ။ အဲလို ပေးနေ၊ ကမ်းနေရတော့ ကမ်းနီးလှေသမားတွေ ဘယ်လိုအခက်အခဲဖြစ်နေကြလဲ။

ဖြေ ။ ပေးနေရတာက ပေးလို့ရတယ်။ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေး လုပ်စားလို့ရနေရင်ရပြီ။ အခုက ပေးလည်းပေးရသေးတယ်၊ ရစ်တာလည်းခံရသေးတယ်ဆိုတော့ ရွာသားတွေက မခံချင်ဘဲ ဖြစ်နေကြတာ။ အဲလိုမျိုးဆိုရင် ရွာသားတွေကလည်း မပေးချင်ကြဘူး။ မပေးရင်လည်း လှေထွက်လို့မရပြန်ဘူး။ အစစအရာရာ ကြောက်နေရတယ်။ ပင်လယ်ထဲထွက်ရင်လည်း စစ်တပ်ကိုကြောက်ရတယ်။ စစ်တပ်က ခေါ်လို့ စစ်သင်္ဘောနားကိုသွားတာ သိရင်လည်း ဒီဘက်ကတစ်ခါခေါ်ပြီး စစ်ဆေးတယ်။ အရမ်းကို အန္တရာယ်များတယ် အခုလုပ်စားနေရတာက။

DW ။ ကမ်းဝေးလှေတွေ ကမ်းနီးဝင်ဆွဲလို့ ပိုက်တွေဘာတွေပြတ်ရင် လျှော်ကြေးပေးတာ မရှိဘူးလား။

ဖြေ ။ ဘယ်ကလာပေးမှာလဲ။ ဘယ်လှေက ခုတ်ဖြတ်သွားမှန်း မသိနိုင်ဘူးလေ။ လှေတွေက အများကြီးပဲကို ဝင်ဆွဲနေကြတာ။ နေ့ဘက်မှာတောင် ပေါ်တင်ဝင်ဆွဲနေတာ။

DW ။ ကျေးဇူးတင်ပါတယ်။

မှတ်ချက်- KNU တပ်မဟာ ၄ အတွင်းရေးမှူး ပဒိုအယ်နားကမူ သရက်ချောင်းမြို့နယ်ရှိ ၎င်းတို့ထိန်းချုပ်ဧရိယာထဲ ငါးဖမ်းလှေတွေပေါ် အခွန်ကောက်ခံရန် ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် အခွန်ကောက်နေခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

“အခုက ကင်းမွန်တွေလည်း မရတော့ဘူး။ ငါးတွေလည်း မရတော့ဘူး။ အရနည်းတာပေါ့ကွယ် ”

ငါးအဝယ်ဒိုင်ဟောင်းတစ်ဦး

ကျောက်ထရံရွာ၊ ဇာဒီကျေးရွာအုပ်စု၊ ကံပေါက်ဒေသ၊ ရေဖြူမြို့နယ်

(ကျောက်ထရံရွာသည် ကံပေါက်ဒေသတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဇာဒီကျေးရွာအုပ်စုတွင် တည်ရှိသည့်အပြင် ကျေးရွာ၏ အနောက်ဘက်ပင်လယ်ပြင်တွင်လည်း စစ်အာဏာရှင်တပ်၏ ရေတပ်သင်္ဘောက အမြဲနေရာယူထားလေ့ရှိသည့် ရေလုပ်ငန်းကို အဓိကထားအသက်မွေးသည့် ကမ်းခြေကျေးရွာတစ်ရွာဖြစ်သည်။)

DW ။ (ဆယ်နှစ်ကျော် လုပ်ကိုင်လာတဲ့ ငါးအဝယ်ဒိုင်) ငါးအဝယ်ရပ်လိုက်တယ်လို့ ကြားရတယ်။ အဝယ်ရပ်လိုက်တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ မကြာသေးဘူး။ ပြီးခဲ့တဲ့ မိုးအကုန်လောက်တုန်းကပဲ။ တစ်မိုးနဲ့ အခု တစ်နွေပေါ့။

DW ။ အဝယ်ရပ်လိုက်တာက ဘာကြောင့်လဲ။

ဖြေ ။ လှေတွေလည်း ကိုယ့်မှာမရှိတော့ဘူး။ ထောင်ကယ် (သူဌေး) တစ်ယောက်က ကိုယ့်ကိုလွှဲအပ်ပြီးတော့ ဝယ်ခိုင်းတယ်လေ။ ထောင်ကယ်က လောင်းလုံးက။ ထောင်ကယ်က ကျန်းမာရေးမကောင်းတော့ လွှဲအပ်ပြီး ဝယ်ခိုင်းတာ။ နောက်ဆုံး ထောင်ကယ်က ဆုံး (ကွယ်လွန်) သွားတယ်။ အဲဒီတော့ လုပ်ရင်းလုပ်ရင်းနဲ့ ကိုယ်လည်း မကျင်လည် (မလည်ပတ်နိုင်) ဘူးဆိုတော့ ဘယ်လိုပြောရမလဲ၊ လှေလုပ်သားတွေကလည်း လုပ်စားဖို့ အဆင်မပြေကြဘူးဆိုတော့ အလုပ်ထွက်ကုန်ကြတယ်။ လှေတွေလည်း အကုန်အမ်း (အခြားဒိုင်ဆီသွားရောင်းပစ်တာ) ခိုင်းလိုက်တယ်။ ကိုယ်လည်း လှေလုပ်စားရတာ စိတ်မရှည်ဘူးဆိုတော့လေ။

DW ။ အခြား လှေလုပ်ငန်း၊ ငါးလုပ်ငန်း မလုပ်ဖြစ်တော့တဲ့ အကြောင်းရင်းရော ရှိသေးလား။

ဖြေ ။ အဓိကအကြောင်းရင်းကတော့ ဒီလိုပဲ အဆင်မပြေတော့လို့ မလုပ်တော့တာ။ အခုက အခြားဘက်ခြမ်းမှာ ဒိုင်တွေရှိတယ်၊ လုပ်နေကြတာပဲ။ လုပ်နေကြတယ်ဆိုတာက ဘယ်လိုပြောရမလဲ လှေအများနဲ့ အင်အားကြီးတဲ့သူက နိုင်တဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။ ကိုယ့်မှာတော့ ဘာမှမရှိဘူး။ အဲဒါတွေလည်း ပါပါတယ်။

DW ။ အခုနှစ်ပိုင်းတွေထဲမှာ ငါးရှာဖွေရမှုအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ဘာငါးဆိုပြီးတော့ မဟုတ်ဘူး၊ ငါးက ပါးထွက် (ရှားပါး) သွားတယ်။ ဥပမာ နှစ်တိုင်းက အခုချိန်ကာလဆို ကင်းမွန်တွေ အရမ်းရတယ်။ အခုက ကင်းမွန်တွေလည်း မရတော့ဘူး။ ငါးတွေလည်း မရတော့ဘူး။ အရနည်းတာပေါ့ကွယ်။ ဒါပေမဲ့ ငါးတွေကတော့ ဈေးကြီးတယ်။ အရင်ကနဲ့စာရင် ဈေးက တအားကြီးတာပေါ့။

DW ။ ငါးဈေးကြီးတယ်ဆိုတော့ ဘယ်လောက်ဈေးတက်သွားလဲ။

ဖြေ ။ မနှစ်က ဒီအချိန် ငါးတစ်ပိဿာကို သုံးထောင် (ကျပ်) တန်ဆို အခုက ခြောက်ထောင်လောက် ဖြစ်နေတယ်။ နှစ်ဆလောက် ကြီးတက်သွားတယ်။ အဲဒီလိုဖြစ်တာပေါ့။

DW ။ ငါးဈေးတက်တော့ စားသုံးသူ၊ အဝယ်ဒိုင်နဲ့ လှေလုပ်သားတွေမှာ ထိခိုက်တာမျိုးရှိလား။

ဖြေ ။ ထိခိုက်တယ်ဆိုတာကလည်း ငွေရေးကြေးရေးအရ တန်ဖိုးမရှိတာလည်း ပါလာတယ်။ အားလုံးက ကုန်ဈေးနှုန်းတွေ ကြီးလာတာလည်း ပါလာတယ်။ ဥပမာ ငါးခင်း (ဖမ်း) ပိုက်တွေလည်း တန်ဖိုးကြီးတယ်။ စက်သုံးဆီဈေးတွေလည်း တက်လာတယ်။ လူငှား (လှေလုပ်သား) တွေလည်း တန်ဖိုးကြီးလာတယ်။ အားလုံးအတွက်ကတော့ ထိခိုက်တယ်ပြောလို့မရဘူး၊ အကုန်အတူတူပဲ။ လှေသားတွေ လုပ်စားဖို့ အဆင်မပြေရင် သူတို့အတွက်လည်း ထိခိုက်တာပါပဲ။ လုပ်စားလို့ အဆင်မပြေလာတော့ အကြွေးတွေနစ်တာပေါ့ကွယ်။ သူတို့မှာက လှေရှင်ဆီမှာ အကြွေးအများကြီးနဲ့ (ကြိုယူပြီး) လုပ်စားတယ်လေ။ ဒိုင်တွေက ပိုက်ဆံကြိုထုတ်ပေးတာကိုး။ လုပ်စားအဆင်မပြေတော့ဘူးဆို အကြွေးနွံနစ်လာတယ်။ အဲဒီတော့ ငါးဈေးတက်တာကလည်း အရင်းအနှီးတွေ သူတို့ဝယ်သုံးရတာ၊ ဥပမာ ပိုက်ဝယ်ရင်လည်း ဈေးကြီး၊ ဆီဈေးကြီး၊ လူငှားခဆိုလည်း ဈေးကြီး၊ အားလုံးက ဈေးကြီးလာတယ်လေ။ လူငှားတစ်ယောက်ကို အခုချိန်မှာ ငါးသောင်း၊ လေးသောင်း အဲလိုဖြစ်လာတယ်။ နေ့စားခတွေက ကြီးလာတယ်။ အားလုံးကတော့ နစ်နာတယ်ပြောလို့မရဘူး။ ဝယ်စားတဲ့သူမှာလည်း အဲဒီလိုပဲပေါ့။

DW ။ ငါးရှားပါးလာတာက ဘာကြောင့်လဲ။

ဖြေ ။ အဓိကကတော့ ဝါလတ် (ငါးဖမ်းလှေကြီး) တွေ များလာလို့ပေါ့။ ဝါလတ်အကြီးကြီးတွေ မလာတာ အတော်ကြာပြီလေ။ အခု ဒီလိုဖြစ်ချိန် (အာဏာသိမ်းမှု) ပြီးမှ ဝါလတ်ကြီးတွေက ပြန်ပေါ်လာတာလေ။ ဝါလတ်အကြီးကြီးတွေက ကမ်းထဲ သဘောရှိဖြစ်လာတာပေါ့။ နေ့ရောညရော ဒီနားမှာ ဆွဲနေကြတာ။

DW ။ အရင်က လှေလုပ်စား၊ ငါးလုပ်ငန်းတွေလုပ်တဲ့ ဒေသခံတွေရော လုပ်ကိုင်ကြသေးရဲ့လား။ ဘာတွေလုပ်စားနေကြလဲ။

ဖြေ ။ ငါးအလုပ်မလုပ်စားတော့တဲ့သူတွေက ခြံရှိတယ်၊ ဆိုင်ရောင်းစားတယ်။ ရော်ဘာခြံ၊ ကွမ်းခြံတွေပဲ လုပ်နေကြတော့တယ်။ ဒေသခံတွေက လှေလုပ်စားသမား နည်းသွားပြီ။ အခု လှေလုပ်စားနေသူတွေက သူများရွာကတွေ လာလုပ်စားတာရှိတယ်။ ဒါပေမဲ့ ရွာကပ်လျက် ဖြူနပ်ရွာကတော့ သူတို့က လှေလုပ်ငန်း သက်သက်လုပ်စားတဲ့ရွာလို ဖြစ်နေတယ်။ အရင်ကနဲ့စာရင်တော့ လှေလုပ်စားသမား နည်းသွားပြီ။ သုံးပုံမှာ တစ်ပုံလောက်ပဲ ကျန်တော့တယ်။ အဲဒီထဲမှာကိုပဲ ကျောက်ထရံရွာခံဆိုရင် အရမ်းနည်းတယ်၊ မရှိသလောက်ပဲ။ အခုအဝယ်ဒိုင်တွေမှာဆို ကျောက်ထရံရွာဒိုင်တွေ ရှိတယ်၊ အရင်းအနှီးတွေ ထုတ်ပေးထားတယ်၊ ဖြူနပ်ကလူတွေက လာပြီးလှေလုပ်စားကြတယ်။

DW ။ နောက်နှစ်ပိုင်းတွေမှာတော့ ငါးအခြေအနေ ဘယ်လိုရှိလာနိုင်မယ်လို့ ထင်လဲ။ ကိုယ်ကလည်း ဆယ်နှစ်လောက် အဝယ်ဒိုင်လုပ်ဖူးတဲ့ အတွေ့အကြုံလေး ပြောပြပေးပါ။

ဖြေ ။ နှစ်တိုင်းဆိုရင် ကင်းမွန်တွေ အရမ်းရတယ်။ အခုချိန်တွေဆို ဆိုင်တွေလည်း အရမ်းရောင်းကောင်းကြတယ်။ အရင်တုန်းကပေါ့လေ။ အခုက နိုင်ငံရေးကလည်း မကောင်းဘူး။ ကင်းမွန်တွေ၊ ငါးတွေကလည်း ရောင်းဖို့မရှိဘူးဆိုတော့ ရောင်းစားဝယ်စားမကောင်းဘူးပေါ့။ နောက်လာမယ်ဆိုရင်လည်း တစ်နှစ်ထက်တစ်နှစ် ဆိုးလာမယ်ဆိုပြီးပဲ တွက်ဆနေကြတာပေါ့။ နိုင်ငံရေးကလည်း မကောင်းတော့ တစ်နှစ်ထက်တစ်နှစ် ရွာထဲမှာလည်း လူတွေက ပြည်ပသွားကြတာများတော့ လူတွေပါးလာတယ်ပေါ့။

DW ။ စစ်သင်္ဘောက ရွာဘက်ကို ခဏခဏရောက်နေတော့ ငါးလုပ်ငန်း၊ လှေလုပ်ငန်းအပေါ် သက်ရောက်မှုရှိလား။

ဖြေ ။ စစ်သင်္ဘောလာရင်တော့ ကြောက်တာပေါ့။ အခုတလော ကမ်းနားမှာမရှိဘူး၊ အောက်ဘက် (လောင်းလုံးဘက်) ဆင်းသွားတယ်။ ဒါပေမဲ့ အမြဲတမ်းသင်္ဘောကတော့ ကျောက်ထရံရွာဝန်းကျင်မှာပဲ ရှိတယ်။ အရင်ကဆိုရင် အိမ်ရှေ့ကနေ ကြည့်လို့မြင်နေရတယ်။ ဇာဒီမှာ တိုက်ပွဲဖြစ်ရင် သင်္ဘောက ပစ်သွင်းတယ်လေ၊ လက်နက်ကြီးနဲ့လေ။ အဲဒီလိုဆိုတော့ သင်္ဘောကိုလည်း ကြောက်ရတာပဲ။ စစ်သင်္ဘောကတော့ အခု ဝါလတ် (လှေကြီး) တွေကို ဆွဲ (ဖမ်းဆီးစစ်ဆေး) နေတယ်။ ရွာက လှေငယ်တွေမှာတော့ ပိုက်ဆံတောင်းတာမျိုးတော့ မရှိဘူး။

DW ။ ဂရုစိုက်ကြပါ။ ကျေးဇူးတင်ပါတယ်။