ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမြောကင်းဂိတ်တွင် လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ၊ ထားဝယ်မှာ လူငယ်များကို ဆက်တိုက်လိုက်ဖမ်း

January 10, 2026

ပုံစာ - ထားဝယ် ကမြောကင်းတံတားဂိတ် (ပုံဟောင်း) ဓာတ်ပုံ - Dawei watch

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင် တပ်က ယနေ့ လူငယ်အမျိုးသား ခြောက်ဦးထက်မနည်းကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးလိုက်ကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက် ယနေ့ နံနက် ၈ နာရီခန့်မှစ၍ စစ်အာဏာရှင်တပ်သည် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ မြို့အဝင်အထွက်ပေါက် နှစ်ပေါက်စလုံးကို ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုဖမ်းတာက ခါတိုင်းဖမ်းတာနဲ့ မတူဘူး။ (တံတား) အတက်ရော၊ အဆင်းရော အင်အားအများအပြားနဲ့ ပိတ်ဆို့ ဖမ်းတာ။ လုံခြုံရေးအပြည့်နဲ့” ဟု ၎င်းက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းက ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ခြောက်ဦးထက် မနည်းရှိကြောင်း Dawei Watch က စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ ထာဝယ်မြို့အပါဝင် လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနှင့် ပန်းတင်အင်ကျေးရွာတို့မှ လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကားပေါ်မှာ ဖမ်းထားတာ ခြောက်ယောက်လောက်ရှိမယ်။ ဂိတ်မှာ စစ်ဆေးနေတာတွေလည်း ရှိသေးတယ်” ဟု မြို့ခံ ခရီးသွားအမျိုးသားတစ်ဦးက ပြောသည်။

ကမြောကင်း တံတားဂိတ်အပြင် စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲအပိုင်း ၂ မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် ယနေ့ ဇန်နဝါရီ ၁၀ရက် နံနက်ပိုင်းကစပြီး ထားဝယ်မြို့ပေါ်ရှိ (၇) လမ်း၊ ကျန်းမာရေးလမ်းစသည့် နေရာတို့တွင်လည်း လူငယ်များကို ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“အထက ၂ ရှေ့မှာ အခုညနေ ပိတ်ဆို့အဖမ်းခံရတဲ့ထဲ ကျွန်တော့်သူငယ်ချင်းတွေ ပါသွားတယ်” ဟု မြို့ခံလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ကျန်းမာရေးလမ်းနှင့် ၇ လမ်းတို့တွင် ဖမ်းဆီးခံရ လူငယ်အရေအတွက် ဆယ်နှင့်ချီရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ဇန်နဝါရီလ ၈ရက်ကလည်း ကြက်စားပြင်၊ ဘုမ္မော်၊ ဝဲကျွန်း ရပ်ကွက်များရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က ညဘက် ဝင်ရောက်ဖမ်းဆီးရာ လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ ယခုနှစ် ဇန်နဝါရီလအတွင်း ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ် ၃၆ ဦး ထက်မနည်းကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။