ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာတွင် WY စိတ်ကြွမူးယစ်ဆေးဝါး တစ်သောင်းခြောက်ထောင်ကျော် ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်တွင် ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးရာ WY စိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနှင့် သုံးစွဲသူ ၂ ဦး ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံက ဆိုသည်။
“သူတို့ကို ဥပဒေအရ ပြစ်ဒဏ်ပေးပြီး ကျွန်တော်တို့ ပြန်လွှတ်မှာပါ” ဟု ၎င်းက ပြောသည်။
၎င်းတို့ ၆ ဦးကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ပြီးပါက နောက်ထပ်မရောင်းချရန်နှင့် သုံးစွဲတော့မည်မဟုတ်ကြောင်း ခံဝန်ထိုးပြီးမှ ပြန်လွှတ်မည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
ဖမ်းဆီးရမိသူများသည် အသက် ၂၀ နှင့် ၄၀ ကြားအရွယ်များဖြစ်ကြောင်း ပကဖထံမှ သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးရောင်းချသူနှင့် သုံးစွဲသူများထံမှ WY စိတ်ကြွဆေး ၁၆,၄၀၀ ပြားခန့်၊ ICE ဟုခေါ်သည့် မူးယစ်ဆေး ၁ ဂရမ်နှင့် ကျည်ဆန်များ အပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှ ရရှိထားသည်ဟု ယူဆရသည့် ထိုင်းဘတ်ငွေ ရှစ်သောင်းခုနစ်ထောင်ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှမ်းကိုးရွာဒေသအပါအဝင် ခမောက်ကြီးမြို့ဘက်တွင် WY စိတ်ကြွဆေးပြား ရောင်းချသူ များပြားနေကြောင်း ခမောက်ကြီးမြို့ခံတစ်ဦးက ဆိုသည်။
“ရောင်းချနေကြတာ မသိရင် ဟင်းရွက်ရောင်းနေသလိုပဲ။ တော်တော်ဆိုးဆိုးရွားရွားပဲ။ စစ်သားတွေရော၊ ရဲတွေရော၊ ပျူစောထီးတွေရော ဘယ်သူမှ မဖမ်းကြဘူး။ သူတို့ကို အကြောင်းကြားပြီး လစဉ်ဆက်ကြေးပေးနေရင် ရပြီ။ လူငယ်တွေအကုန် ဆေးသမားရုပ်တွေ ထွက်ကုန်ပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကော့သောင်းခရိုင်၌ WY စိတ်ကြွဆေးတစ်ပြားလျှင် ထိုင်းငွေ ၂၅ ဘတ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဒေသခံများထံမှ သိရသည်။







