ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်းရှိ လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများနှင့် KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။
နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်တွင် စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာဖြင့် လယ်ဒိုစိုးမြို့နယ်ရုံးကို ဗုံးကြဲခဲ့ကြောင်း KNU (မြိတ်-ထားဝယ်ခရိုင်) အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောကြားသည်။
“ဗုံးကြဲခံရမှုအတွင်း ၂ နှစ်အရွယ် ကလေးတစ်ယောက် ဆုံးတယ်။ ပြီးတော့ လူကိုးယောက် ဒဏ်ရာရတယ်ပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။
ဗုံးကြဲခံရသည့် ဧရိယာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း ဒေသခံတို့က ပြောပြသည်။
“သင်္ကန်းတုံးရွာနားမှာ (ဇန်နဝါရီလ ၅ ရက်က) ပစ်ခတ်မှုပြီးကတည်းက အရှေ့တောမှာ ဘာတိုက်ပွဲမှ ထပ်မရှိသေးဘူး” ဟု ထားဝယ်အရှေ့တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်တွင် ထားဝယ်ခရိုင်ရှိ ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည်ဖြစ်သည်။
ယနေ့ ဗုံးကြဲခံရသည့် KNUက လယ်ဒိုစိုးမြို့နယ်ဟု သတ်မှတ်ထားသည့် ဧရိယာတွင် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်က ကျေးရွာအချို့ ပါဝင်သည်။







