ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲ အကြိုနေ့ ညနေပိုင်း ထားဝယ်တွင် လူငယ်အများအပြားဖမ်းဆီးခံရ

January 10, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့၊ ကျန်းမာရေးလမ်း (ခ) လမ်းမသစ်၌ ယနေ့ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် အမျိုးသား အများအပြားကို စစ်အာဏာရှင်တပ်သားများက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သားများက အချုပ်ကားအပါအဝင် ကားခြောက်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ထန်းပင်တန်း ထန်းရည်ခါးတဲ (ဆိုင်) မှာရှိတဲ့ လူတွေရော လမ်းမှာသွားနေတဲ့ ယောင်္ကျားလေးတချို့ရော အချုပ်ကားနဲ့ တစ်ခါတည်း ဆွဲတင်သွားတယ်။ ငါးဖမ်းနေတဲ့ ကလေးကသုံးယောက်ပါတယ်။ အားလုံး တစ်ဆယ်ကျော်တယ်” ဟု ၎င်းက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

ဇန်နဝါရီလ ၈ ရက် ညကလည်း ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူငယ်ဆယ်နှင့်ချီ၍ ညဘက်နေအိမ်၌ ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၀ ရက်ကလည်း နေ့လယ်ပိုင်း၌ စစ်အာဏာရှင်တပ်သားများသည် အင်အားအလုံးအရင်းဖြင့် ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့တွင် အမျိုးသားသုံးဆယ်ခန့်ကို အာဆီယံအရွက်ပြုတ်ရည် ရောင်းဝယ်သုံးစွဲသည်ဟု စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၁၂ ဦးကို စစ်မှုထမ်းစုဆောင်းခဲ့ဖူးသေးသည်။

ယင်းအပြင် ထားဝယ်မြို့အဝင်အထွက် တံတား စစ်ဆေးရေးဂိတ်အချို့တွင်လည်း လူငယ်အမျိုးသားများကို ဖမ်းဆီး စစ်မှုထမ်းစုဆောင်းမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

စစ်ကော်မရှင်သည် မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်တွင် ထားဝယ်ခရိုင်ရှိ ရေဖြူမြို့နယ်၊ မြိတ်ခရိုင်ရှိ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း ၂ ကို ပြုလုပ်မည်ဖြစ်သည်။