ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်

January 10, 2026

ထားဝယ်မြို့၏ စားဖိုဆောင်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ပြတ်လုနီးပါးဖြစ်ကာ ဈေးမြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းတစ်ပိဿာ ၂၅၀၀ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ၃၀၀၀ကျပ်၊ ဇန်နဝါရီလ ၇ ရက်တွင် ၃၅၀၀ ကျပ်၊ ဇန်နဝါရီလ ၁၀ရက်တွင် ၄၅၀၀ကျပ်သို့ ဈေးဆက်တိုက် တက်လာသည်ကို တွေ့ရှိရသည်။

ကြက်သွန်နီအသစ်များမှာ ဒီဇင်ဘာလအတွင်း ထွက်လေ့ရှိပြီး ရန်ကုန်‌ဈေးကွက်သို့ ကြက်သွန်နီအသစ်များ နယ်စုံမှ ဝင်ရောက်နေပြီဖြစ်၍ ဈေးကွက်တွင် လက်ကျန်ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ် မြို့ရှိ စားသုံးကုန်စည် လက်လီ၊ လက်ကားဈေးကွက်ထံမှ သိရသည်။

ထို့ကြောင့် သုံးပတ်အတွင်း ကြက်သွန်နီ အဟောင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“(ကြက်သွန်နီအဟောင်း သိပ်) မရှိတော့ဘူး။ ကျွန်မတို့မှာ နှစ်ပတ်၊ သုံးပတ်စာလောက်ပဲ ရှိပြီး နောက်ထပ်လာမယ့် ကြက်သွန်နီ အသစ်တွေလည်း ဈေးမြင့်ဖွယ်ရှိနေတယ်” ဟု ထားဝယ်မြို့တွင် စားသုံးကုန်စည်များ လက်လီ၊ လက်ကား ဖြန့်ဝေရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကြက်သွန်နီအသစ်သည် ပေါ်စတွင် စိုပြီး အထားမခံသောကြောင့် စားသုံးသူများမှာ ကြက်သွန်အသစ်ထက် အဟောင်းကိုသာ ပို၍ နှစ်သက်လေ့ရှိကြကြောင်း လောင်းလုံးမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

“အရင်လက တစ်ပိဿာ ၂၅၀၀ ပဲ ရှိသေးတယ်။ အသစ်ထွက်ချိန်ဆိုတော့ ဈေးတက်သွားတာ၊ အခုတစ်ပိဿာ ၄၅၀၀နဲ့ ဝယ်ခဲ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်ဈေးကွက်၌ ကြက်သွန်နီအဟောင်း ပြတ်ချိန်တွင် တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိ အမြင့်ဆုံး ဈေးတက်ခဲ့ဖူးသည်။

ထားဝယ်ဈေးကွက်တွင် အသုံးပြုသည့် စာသုံးကုန်စည်နှင့် စားဖိုဆောင်သုံးပစ္စည်း အများစုမှာ ရန်ကုန်ဈေးကွက် နှင့် မော်လမြိုင် မြို့များမှတစ်ဆင့် ဝယ်ယူ ရောင်းချကြသည်။