တနင်္သာရီမြို့နယ်အတွင်းရှိ ရာဘာခြံများကို ဘန်းလမွတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ရွေးကောက်ပွဲအပိုင်း ၂ ကို ကျင်းပရန်ရှိနေပြီး မီးရှို့ခံနေရသည့် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေတွင် ပါဝင်နေသည်။
ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဘန်းလမွတ်ရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်စစ်ကြောင်းက ပနပ်ငယ်ရွာ၊ ဘန်းလမွတ်ရွာနှင့် လယ်ဦးရွာ (ဒေသအခေါ်) တို့ရှိ ရာဘာခြံများကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လမ်းမတစ်လျှောက်က ရာဘာခြံတွေကို ခြေနဲ့ (လမ်းလျှောက်ပြီး)လိုက်ရှို့နေတာ။ မီးငြှိမ်းသတ်မယ့်သူတွေကလည်း သွားမရဲကြတော့ မငြှိမ်းသတ်နိုင်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်က ယနေ့ နေ့လယ်ပိုင်းမှစ၍ လိုက်လံရှို့နေခြင်းဖြစ်ပြီး မငြှိမ်းသတ်နိုင်သေးသဖြင့် လောင်ကျွမ်းသွားသည့် ရာဘာခြံအရေအတွက် အတိအကျကိုမူ မသိရသေးကြောင်း ယနေ့ညနေ ၂ နာရီခွဲခန့်က ဒေသခံနောက်တစ်ဦးက ရှင်းပြသည်။
“မီးတွေက လောင်နေတုန်းပဲ။ ဘယ်လောက်အထိ လောင်သွားလဲဆိုတာ မသိရသေးဘူး။ ရာဘာခြံတွေကိုပဲ လိုက်ရှို့နေတာ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ဇန်နဝါရီလ ၅ ရက်၊ ညနေ ၄ နာရီဝန်းကျင်ကလည်း ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင် အမှတ် (၅၅၆) ခြေမြန်တပ်ရင်းက ပြင်ဝန်းရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်တစ်ဆောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။







