တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခူးမည့် အလုပ်သမား ရှားပါးနေကြောင်း ဥယျာဥ်ခြံပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ အစမှစ၍ ကွမ်းသီးမှည့်များကို ခူးယူရန်အတွက် အလုပ်သမားများ ခေါ်ယူရန်ခက်ခဲနေသဖြင့် အခြားရွာများမှ လူများကို ငှားရမ်းရသော်လည်း အလုပ်သမား ရရှိရန် ခက်ခဲကြောင်း တကူရွာ ဥယျာဥ်ခြံပိုင်ရှင် ဒေသခံတစ်ဦးက ဆိုသည်။
“အလုပ်သမားတွေက တအားရှားလာတယ်။ တချို့ခြံတွေမှာ လူ မရလို့ ခြံပိုင်ရှင်တွေ ကိုယ်ဘာသာ ရသလောက် ဝင်ကောက် (ခူး) နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဒေသတွင်း အလုပ်သမားများသည် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှု များပြားခြင်း၊ ခဲလုပ်ကွက်များတွင် သွားရောက်လုပ်ကိုင်သူ များပြားခြင်းတို့ကြောင့် အလုပ်သမားရှားပါးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကွမ်းသီးခူးချိန် မခူးလျှင် ကွမ်းသီးများ အမှည့်လွန် ကြွေကျပြီး ကောက်ယူရန် အချိန်ကြာမြင့်ပါက အပင် ပေါက်သဖြင့် ဆုံးရှုံးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ကွမ်းသီးကောက်ချိန် မကောက်ရတော့ ရသင့်သလောက်မရဘဲ ကွမ်းသီးအချိန် လျော့တာတွေဖြစ်တယ်။ အလုပ်သမားတွေက ဒီနှစ်တော်တော်လေးကို ရှားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
ကွမ်းသီးခူးသူ တစ်ဦးလျှင် တစ်ရက် ငှားရမ်းခ သုံးသောင်းကျပ်ဝန်းကျင်မှ သုံးသောင်းငါးထောင်ကျပ်ဝန်းကျင်အထိ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
တကူကျေးရွာနှင့် သာရဘွင်ကျေးရွာတို့တွင် ဒေသခံများသည် ကွမ်းသီးခြံ လုပ်ငန်းကို အဓိက လုပ်ကိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။







