ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်တွင် ကြာသပတေးနေ့ညက လူငယ်အများအပြား စစ်မှုထမ်းရန် စုဆောင်းခံရ

January 10, 2026

ပုံစာ- ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် သင်တန်းကျောင်းတွင်ဒီဇင်ဘာလက ပြုလုပ်သော စစ်မှုထမ်းသင်တန်းအမှတ်(၁၇)သင်တန်းဆင်းပွဲ။ ဓာတ်ပုံ - စစ်ကော်မရှင်ဝါဒဖြန့် ချန်နယ် ။

ထားဝယ်မြို့တွင် ဇန်နဝါရီလ ၈ ရက် (ကြာသပတေး)နေ့ညက အသက် ၂၀ ဝန်းကျင် လူငယ်အများအပြားကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။

ည ၁၂ နာရီမှ မနက် ၁ နာရီအကြားတွင် ကားသုံးစီးဖြင့် မြို့ပတ်၍ နေအိမ်များအတွင်း ဝင်ရောက်ကာ စစ်မှုထမ်းရန် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။

ကြက်စားပြင်၊ ဘုမ္မော်၊ ဝဲကျွန်း ရပ်ကွက်များရှိ နေအိမ်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း စစ်အာဏာရှင်တပ်သားများနှင့်အတူ ပါဝင်လာကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ စုဆောင်းခံရသူများထဲတွင် ထားဝယ်မြို့၌ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလမှစကာ တိုင်းစစ်ကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်နေသည့် ပွဲလမ်းသဘင်များကို လူမှုကွန်ရက်တွင် မျှဝေလေ့ရှိသော ထားဝယ်မြို့အခြေစိုက် ပရဟိတအသင်းတစ်ခု၏ ဥက္ကဋ္ဌတစ်ဦးလည်း ပါဝင်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

“စာရွက် (ဆင့်ခေါ်စာ) တောင်မပေးခဲ့ဘူး။ တစ်ခါတည်း ခေါ်သွားတာ။ မနက်မှ ၄၀၁ (ခြေမြန်တပ်ရင်း) ကို လာလိုက်လို့ ပြောတယ်။ မနက်လိုက်သွားတော့လည်း ထုတ်မရဘူး။ အခု ၂ ရက်ရှိပြီ။ အဝတ်အစားနဲ့ အသုံးအဆောင်တွေ ပေးဖို့ပဲ ထပ်အကြောင်းကြားလာတယ်” ဟု ဇန်နဝါရီလ ၈ ရက်ညက စုဆောင်းခံရသည့် ဖြစ်စဉ်အား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ယင်းညတွင်ပင် စစ်မှုထမ်းရန် စုဆောင်းခံရသူ ဆယ်ဦးနှင့်အထက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့တွင် နေ့ထူးနေ့မြတ်များအပြင် သောကြာနေ့တိုင်း စတိတ်ရှိုးပွဲများ ကျင်းပနေသလို တစ်ဖက်တွင်လည်း ပွဲမရှိသည့်ညများတွင် မြို့ခံလူငယ်များကို စစ်မှုထမ်းရန် စုဆောင်းနေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်း၌ လူငယ်များကို စစ်မှုထမ်းရန် စုဆောင်းနေသည်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အပတ်စဉ် ၂၀ အထိ ရောက်ရှိနေပြီဖြစ်သည်။