ထားဝယ်နှင့် သရက်ချောင်းမြို့နယ်ထဲက တံတား လေးစင်းကို စစ်အာဏာရှင်တပ်က ဖျက်ဆီးလိုက်သဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းကြိုပို့လုပ်ရန် အခက်အခဲဖြစ်နေသလို စားသောက်ရေးအတွက်လည်း အခက်အခဲကြုံရကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ်တွင် ရှင်မုတ္ထီးနှင့် ရောင်းမော် ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် ဆေးဖြတ်ကုန်း ရွာချင်းဆက်တံတား၊ ရောင်းမော်နှင့် သဲတော၊ ကင်းရှေ့၊ စော်ဖျားရွာများကို ဆက်သွယ်ထားသည့် တံတား တစ်စင်းတို့ကို ဒီဇင်ဘာလ ၂ ရက်တွင် စစ်အာဏာရှင်တပ်က ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်တွင်လည်း သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ရှမ်းမတွင်းရွာက သစ်လုံးခင်း တံတားတစ်စင်းကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ကြောင့် ရှင်မုတ္ထီးနှင့် ထားဝယ်မြို့ပေါ်တို့တွင် ကျောင်းသွားတက်ရသည့် ကျောင်းသူ၊ ကျောင်းသားများကို ကြိုပို့ရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
ရှင်မုတ္ထီးနှင့် ထားဝယ်မြို့ပေါ်တွင် စော်ဖျား၊ ကင်းရှေ့၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ရှမ်းမတွင်း စသည့်ကျေးရွာများက ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်သင်ယူနေကြကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျောင်းကြိုကျောင်းပို့ဖို့ တော်တော်ခက်ခဲကုန်လို့ တချို့ကလေးတွေ ကျောင်းထုတ်လိုက်ရတယ်လို့ပြောတယ်။ အရင်က ကျွန်တော်တို့ရွာဘက်ကနေ ကျောင်းကြိုပို့နေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေလည်း မမြင်ရတော့ဘူး” ဟု ကင်းရှေ့ရွာက ဒေသခံတစ်ဦးက ပြောသည်။
ဈေးဆိုင်ကယ်နှင့် သုံးဘီးဈေးကားများလည်း ဝင်မရသဖြင့် စားနပ်ရိက္ခာ၊ အသားငါး၊ ဟင်းသီးဟင်းရွက်များ ဝယ်ယူ စားသောက်ရန် ခက်ခဲနေပြီး ဒေသထွက်ကုန်ဖြစ်သည့် ရော်ဘာချေးနှင့် ကွမ်းသီးခြောက် လာဝယ်သူလည်း မရှိဖြစ်နေ ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျောင်းကြိုပို့မရလို့ တော်တော်ဒုက္ခဖြစ်နေကြတယ်။ ခါတိုင်းဆို သုံးဘီးနဲ့ ကျောင်းကြိုပို့တယ်၊ ဆိုင်ကယ်နဲ့ ကြိုပို့နေတဲ့ မိဘတွေလည်းရှိတယ်။ အခု သွားလာမရတော့ တော်တော်ပင်ပန်းနေကြတယ်။ ရော်ဘာချေးဆိုလည်း လာဝယ်သမား မရှိလို့ ဒီတိုင်းထားထားရလို့ ခြောက်ကုန်ပြီတဲ့” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။
တံတားများ ဖျက်ဆီးခံရသဖြင့် လယ်ကွင်းများကိုဖြတ်ကာ ခက်ခက်ခဲခဲသွားလာနေရကြောင်း ဒေသခံအချို့က ဆိုသည်။
“လမ်းကလည်းကြမ်း၊ ကျောင်းသားတွေကို နေ့တိုင်းကြိုပို့ဖို့ဆို တော်တော်ခက်ခဲပင်ပန်းတယ်။ မိုးတွင်းဆို အခုလမ်းက သွားရမှာ မဟုတ်တော့ဘူး။ အခုက ရှမ်းမတွင်းတံတားကို မီးရှို့လိုက်တာဆိုတော့ ပိုဆိုး” ဟု သရက်ချောင်းမြို့နယ်ထဲက ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းမတွင်းရွာက သံကူကွန်ကရစ်တံတားကို စစ်အာဏာရှင်တပ်က ဘတ်ဟိုးဖြင့် တူးဖြိုဖျက်ဆီးခဲ့သောကြောင့် သွားလာရေး ခက်ခဲနေသဖြင့် ရဟန်းတစ်ပါးနှင့် ရွာသူရွာသားများက သစ်လုံးတံတားထိုးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
အဆိုပါ သစ်လုံးတံတားကိုလည်း ဒီဇင်ဘာလ ၃ရက်တွင် စစ်အာဏာရှင်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။







