BREAKING
December 11, 2025

ကော့သောင်းတွင် ဘုရားပေါ်အရက်သောက်သူကို ဟန့်တားသည့်ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်

December 9, 2025

ကော့သောင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာတစ်ရွာတွင် ဘုရားရင်ပြင်ပေါ်အရက်သောက်စားနေသူအား သောက်စားခြင်းမပြုရန်တားမြစ်ပြောဆိုသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးရိုက်နှက်ခံရပြီး ပျံလွန်တော်မူကြောင်း စုံစမ်းသိရှိရသည်။

စူငယ်ဘလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတအား ကျောင်းတွင် ကပ္ပိယနှင့် ကျောင်းသားအချို့မရှိချိန် ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက လာရောက်ရိုက်နှက်ခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဆရာတော်၏ ဦးခေါင်းကို ကြေးစည်တီးသည့်သစ်သားတုတ် (တင်းပုတ်) ဖြင့် ရိုက်နှိက်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။

“ဆရာတော်ရဲ့ဦးခေါင်းတစ်ခုလုံးက ရစရာမရှိတော့ဘူး။ တင်းပုတ်နဲ့ ထုရိုက်ထားတာ” ဟု အထက်ပါ ရဟန်းက မိန့်သည်။

သတ်ဖြတ်သွားသူသည် အဆိုပါကျောင်းတိုက်အတွင်း ထမင်း၊ ဟင်းများ လာရောက်တောင်းယူစားသောက်လေ့ရှိသူဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ယခုသီတင်းပတ်အတွင်း အောင်ခေမာကျောင်းတိုက်၏ ဘုရားရင်ပြင်ပေါ်တွင် ၎င်းမှာ အရက်သေစာသောက်စားနေသည်ကို ဆရာတော်က တွေ့ရှိ၍ တားမြစ်ပြောဆိုခဲ့ရာမှ အငြိုးထားကာ ဆရာတော်အား ရိုက်နှက်ခဲ့ကြောင်း အထက်ပါနီးစပ် သည့် သံဃာတော်အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။

လူငယ် အမျိုးသားကို ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းတွင်ပင် ကျေးရွာသူ၊ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဆရာတော် ဦးပဏ္ဍိတသည် လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာဇာတိဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူများထံမှ သိရသည်။

ဆရာတော်သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကစ၍ ကော့ သောင်းမြို့နယ် မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်တွင်း စတင်သီတင်းသုံးနေခြင်းဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှသိရသည်။