ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်က ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ရွာသူ၊ ရွာသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာတပ်စစ်ကြောင်းသည် ပင်လယ်ကမ်းစပ်ရွာဖြစ်သည့် ကျောက်ထရံရွာသို့ ဒီဇင်ဘာလ ၈ရက်တွင် ရောက်ရှိ လာပြီးနောက် အထက်ပါဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်သော်လည်း ယနေ့ ဒီဇင်ဘာလ ၉ရက်တွင် ထပ်မံ ဖမ်းဆီးထားကြောင်း ဒေသခံများက ဆိုသည်။
“စစ်ကြောင်းဝင်လာတာနဲ့ ဖမ်းပြီး ပြန်လွှတ်ပေးလိုက်သေးတယ်။ ပြီးမှ အားလုံး (ခုနစ်ယောက်စလုံး) ပြန်လာဆိုပြီး စစ်ကြောင်းနဲ့ အတူတူခေါ်ထားတယ်” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
အဖမ်းခံရသူများတွင် ဦးသန်းသန်းအပါအဝင် မိသားစုဝင်သုံးဦးနှင့် ဒေသခံအခြား လေးဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးသန်းသန်းသည် ယခုနှစ် ဧပြီလဆန်းတွင်လည်း စစ်အာဏာရှင်တပ်စစ်ကြောင်းက အခြားရွာသားတစ်ဦးနှင့်အတူ လမ်းပြ အဖြစ် ဖမ်းခေါ်သွားပြီး မောရဝတီရေတပ်စခန်းဌာနချုပ်တွင် လဝက်ကျော်အကြာစစ်ဆေးခံရပြီးနောက် ပြန်လွတ်လာသူ ဖြစ်သည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂ ရက်ကတည်းက ဇာဒီရွာအတွင်းရောက်ရှိနေပြီး ဒီဇင်ဘာလ ၈ရက်တွင် ကျောက်ထရံရွာဘက်သို့ ရောက်ရှိကာ ယနေ့ ဒီဇင်ဘာလ ၉ရက်အထိ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၅ရက်က ဇာဒီရွာအတွင်းရောက်နေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ရေတပ်သင်္ဘောက လက်နက်ကြီး ပြန်လည်ပစ်ခတ်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် လူနေအိမ် တစ်လုံး မီးလောင်ခဲ့သေးသည်။







