ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်

December 9, 2025

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသံတိတ်သပိတ်ပြုလုပ်ကြရန် နှိုဆော်ထားချိန် ထားဝယ်မြို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်တွင် အသံတိတ်သပိတ်ပြုလုပ်ကြရန် မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း အပါအဝင် သပိတ်ခေါင်းဆောင်အချို့က မန္တလေးမြို့လယ် စျေးချိုတော်အနီး ဒီဇင်ဘာလ ၃ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာ၌ တိုက်တွန်းခဲ့သည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီလည်း စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ ဆန့်ကျင်သည့်အနေဖြင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။

လက်ရှိ ထားဝယ်မြို့တွင်မူ စစ်အာဏာရှင်တပ်က မြို့အနှံ့ရှိ လမ်းဆုံလမ်းခွများတွင် နေရာယူထားကြောင်း မြို့ထံတစ်ဦးက ဆိုသည်။

“အသံတိတ်သပိတ်ကြောင့်လား၊ ဘာဖြစ်လို့လည်းတော့မသိဘူး လုံခြုံရေးတွေချထားတာတော့ ဒီနေ့ပါဆို သုံးရက်ရှိပြီ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်တို့တွင်လည်း ပုံမှန်ထက်စစ်ဆေးမှု တင်းကျပ်ထားသည်ကို တွေ့ရကြောင်း ကားသမားအချို့က ဆိုသည်။

မြို့ခံအချို့ကမူ ကမ်းရိုးတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူး ထားဝယ်မြို့သို့လာရန်ရှိသဖြင့် ထိုကဲ့သို့ လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုကြသည်။

ဒီဇင်ဘာလ ၈ ရက်ကမူ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး မဲပေးစက်များကို ကြည့်ရှုခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။