ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီရန်

ဂျပန်က စစ်ရေးအရ ခြိမ်းခြောက်နေဟု တရုတ်ပြော

December 9, 2025

ဓာတ်ပုံ - Reuters

ဂျပန်က တရုတ်ကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး ယင်းမှာ လုံးဝ လက်သင့်ခံနိုင်ဖွယ် မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအား ဒီဇင်ဘာလ ၈ ရက်တွင် ပြောကြားသည်။

ဂျပန်စစ်ဘက်ဆိုင်ရာ လေယာဉ်များအား တရုတ်တိုက်လေယာဉ်များက ရေဒါဖြင့် ချိန်ရွယ်ခဲ့ကြောင်း ဂျပန်ဘက်က ထုတ်ဖော်ပြောဆိုပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုလာခြင်း ဖြစ်သည်။

တရုတ်၏ အဆိုပါလုပ်ရပ်ကို အန္တရာယ်ရှိသည့် အပြုအမူအဖြစ် ဂျပန်က အပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်ကလည်း ဂျပန်ကို ပြန်လည်အပြစ်တင်ခဲ့သည်။

မီယာကိုရေလက်ကြား အရှေ့ဘက်တွင် တရုတ်စစ်တပ်က လေယာဉ်တင်သင်္ဘောဖြင့် လေကြောင်းလေ့ကျင့်မှုများ ပြုလုပ် နေသည်ကို အနှောင့်အယှက်ပေးရန် ဂျပန်က လေယာဉ်များ စေလွှတ်ခဲ့ကြောင်း တရုတ်ဘက်က ပြန်လည်စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန်ဝါဒီဖောလ်နှင့် တနင်္လာနေ့က ဘေဂျင်းမြို့၌ တွေ့ဆုံစဉ် ယခုနှစ်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အနှစ် ၈၀ ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး စစ်ရှုံးနိုင်ငံ ဖြစ်သည့် ဂျပန်သည် ပိုမိုသတိကြီးစွာ ပြုမူသင့်ကြောင်း ပြောကြားခဲ့သည်။

“ဒါပေမဲ့ အခုတော့ လက်ရှိဂျပန်ဝန်ကြီးချုပ်ဟာ ထိုင်ဝမ်ပြဿနာကို အမြတ်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ထိုင်ဝမ်ဆိုတာ ဂျပန်က ရာစုနှစ်တစ်ဝက်ကြာ ကိုလိုနီပြုထားခဲ့တဲ့ နယ်မြေဖြစ်ပြီး တရုတ်လူမျိုးတွေအပေါ် မရေမတွက်နိုင်တဲ့ ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဂျပန်ဝန်ကြီးချုပ်ဟာ တရုတ်ကို ရန်စပြီး စစ်ရေးအရ ခြိမ်းခြောက်ဖို့အတွက် ထိုင်ဝမ်ပြဿနာကို အသုံးချနေပါတယ်။ ဒါဟာ လုံးဝ လက်သင့်ခံနိုင်စရာ မရှိပါဘူး” ဟု ဝမ်ယိက ပြောဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာလျှင် ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုဖြစ်လာနိုင်ကြောင်း မကြာသေးမီက ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက ပြောဆိုခဲ့ပြီးနောက် တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလာနေခဲ့သည်။

ဂျပန်က ထိုင်ဝမ်အား ၁၈၉၅ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ၎င်းတို့ ကိုလိုနီလက်အောက်ခံအဖြစ် ထားရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် ဂျပန်က ထိုင်ဝမ်အား ချန်ကေရှိတ်၏ တရုတ်ပြည်သူ့သမ္မတအစိုးရဆီ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ချန်ကေရှိတ်အစိုးရသည် မော်စီတုန်း၏ ကွန်မြူနစ်တပ်များနှင့် တိုက်ခိုက်ရသည့် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးကာ ထိုင်ဝမ်ကို အုပ်ချုပ်ခဲ့သည်။

Source: Reuters