ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီရန်

ဂျပန်ကမ်းရိုးတန်းတွင် အင်အားပြင်း ငလျင်လှုပ်၊ ဆူနာမီသတိပေးချက် ပြန်ရုပ်သိမ်း

December 9, 2025

ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတွင် ဒီဇင်ဘာလ ၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး လူ ၂၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ မီဆာဝါမြို့အနီးတွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်သည် ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၆ အဆင့်ရှိသည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်ခဲ့သည်။

ယင်းငလျင်ကြောင့် ကမ်းခြေဒေသများသို့ ဆူနာမီလှိုင်းလုံးများ ရောက်ရှိလာခဲ့ပြီးနောက် ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ (JMA) က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။

မီဆာဝါမြို့တည်ရှိရာ နိုင်ငံ့မြောက်ပိုင်း အာအိုမိုရီဒေသက ဆိပ်ကမ်းတစ်ခုကို ဆူနာမီရေလှိုင်း ရောက်ရှိခဲ့ပြီး နောက်ထပ် လှိုင်းလုံးများစွာလည်း ကမ်းရိုးတန်းသို့ ရိုက်ခတ်လာခဲ့ကာ လှိုင်းအမြင့်မှာ ၇၀ စင်တီမီတာအထိ ရှိကြောင်း JMA ၏ ဖော်ပြချက်အရ သိရသည်။

နောက်ဆက်တွဲငလျင်ငယ်များနှင့် ငလျင်ကြီးတစ်ခု ဖြစ်နိုင်ခြေ ပိုများလာကြောင်း ဂျပန်အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကူဂျီမြို့ ဆိပ်ကမ်းကိုလည်း အမြင့် ၇၀ စင်တီမီတာအထိ ရှိသည့် ဆူနာမီလှိုင်းလုံးများ ရိုက်ခတ်ခဲ့သည်။

ဒေသတွင်း အခြားကမ်းရိုးတန်းဒေသများကိုလည်း အမြင့် ၅၀ စင်တီမီတာရှိသည့် ဆူနာမီလှိုင်းများ ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ (JMA) က ဆိုသည်။

ယနေ့ အင်္ဂါနေ့ အစောပိုင်းတွင် JMA ၏ ဆူနာမီသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

Source: Agencies/co/dc