ကမ္ဘောဒီးယားစစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ပြီး တိုက်ပွဲအတွင်း ထိုင်းဘက်တွင် စစ်သားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများသည် ယနေ့ ဒီဇင်ဘာ ၉ ရက်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ယနေ့ နံနက် ၁ နာရီခွဲခန့်တွင် ကမ္ဘောဒီးယားဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိုင်းဘက်ခြမ်း စကဲဝိုဒေသရှိ လူနေအိမ်နှစ်ဆောင်ကို ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။
နေအိမ်များရှိ ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေသဖြင့် လူထိခိုက်မှု မရှိကြောင်း ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်က ကမ္ဘောဒီးယားစစ်တပ်ဘက်က ထိုင်းစစ်အခြေစိုက်စခန်းသို့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးခဲ့သည်။
ဆေးရုံတွင် ဆေးကုသမှုခံယူနေသော နောက်ထပ် စစ်သားတစ်ဦးလည်း ယနေ့ နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။




ယင်းစစ်သားသည် ဒီဇင်ဘာလ ၈ ရက်က တခွိုင်ဘုရားကျောင်းအနီးတွင် ဗုံးထိမှန်ခဲ့ပြီး ညာဘက် လက်နှင့် ခြေထောက် ဒဏ်ရာရရှိထားသဖြင့် ဖနုံဒွန်ရတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူဖြစ်သည်။
လက်ရှိတွင် နှစ်နိုင်ငံ အငြင်းပွားနေသော နယ်မြေဖြစ်သည့် စကဲဝိုခရိုင်၊ နော့ရဲကဲဝိုရွာကို ထိုင်းစစ်တပ်ဘက်က ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်သိမ်းယူထားပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဖော်ပြသည်။
နယ်မြေရှင်းလင်းနေစဉ် ယနေ့ နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနှစ်လုံးကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် နှစ်နိုင်ငံပစ်ခတ်မှုများအတွင်း ထိုင်းစစ်သား ၁၇ ဦး ဒဏ်ရာရရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။
နယ်စပ်ခရိုင်များဖြစ်သော စကဲဝို၊ စီစကက်၊ ဥဘွန်းရတ်ချ်ဌာနီ၊ စူရင်း၊ ဘူရီရမ်ခရိုင်များက ပြည်သူ လေးသိန်းကျော် ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး တရတ်ခရိုင် နယ်စပ်ဒေသက ပြည်သူများကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ရန် သတိပေးထားပြီးဖြစ်ကြောင်း ဖော်ပြသည်။
ယင်းနယ်စပ်ငါးခရိုင်ထဲရှိ ကျောင်းပေါင်း ၆၄၁ ကျောင်းကိုလည်း ပိတ်ထားလိုက်ပြီဖြစ်သည်။
ကမ္ဘောဒီးယားဘက်တွင်မူ ထိုင်းစစ်တပ်က ပစ်လိုက်သော လက်နက်ကြီးများကြောင့် ပြည်သူခုနစ်ဦး အထိ သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိထားကြောင်း ကမ္ဘောဒီးယားသတင်းဌာနတွင် ဖော်ပြထားသည်။
ယနေ့တွင် ကမ္ဘောဒီးယားဘက်က BM-21 ရော့ကတ်ဒုံးကျည်များအပြင် အသေခံဒရုန်းများကိုပါ သုံး၍ ထိုင်းဘက်ကို ပစ်ခတ်နေကြောင်း ထိုင်းစစ်တပ်၏ ပြောကြားချက်ကို ထိုင်းသတင်းများတွင် ဖော်ပြသည်။
Ref: The Nation Thailand, Khaosod English, Cambodianess







