လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မော်ဒန်ပန့်(Modern Punk) အဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး C1 က အတည်ပြုပြောဆိုသည်။
ကိုကြက်ဥကို အောက်တိုဘာလ ၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်းမှူး C1 က ဆိုသည်။
လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) စခန်းတစ်ခုသို့ ကိုကြက်ဥ သွားရောက်သည့် ရုပ်သံမှတ်တမ်းတစ်ခု အောက်တိုဘာလ ၈ ရက်တွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည်။
အဆိုပါရုပ်သံမှတ်တမ်းတွင် ပလဖ စခန်းအရှေ့ကို ကိုကြက်ဥက ပစ္စတိုသေနတ်တစ်လက်ကိုင်ဆောင်ကာ လက်မြှောက်ဝင်လာပြီး စကားပြောနေချိန် ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ထိုကြောင့် ဒေသခံအချို့က ကိုကြက်ဥကို ပစ်သတ်လိုက်ကြောင်း သတင်းများပျံ့နှံ့ခဲ့သလို ကိုကြက်ဥ၏ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောဆိုသည်။
ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းမှူး C1 ကမူ အဆိုပါပစ်ခတ်မှုမှာ ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
“ခြောက်ရုံပဲ။ ထိလည်းမထိဘူး၊ ဘာမှ မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
ကိုကြက်ဥကို ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေကိုမူ တပ်ရင်းမှူး C1 က အသေးစိတ် မဖြေကြားသေးပေ။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ကိုကြက်ဥက လောင်းလုံး ပလဖ တပ်ဖွဲ့ဝင်နှစ်ဦးထံ သွားရောက်ကာ ပစ္စတိုသေနတ်တစ်လက်၊ စကားပြောစက်တစ်လုံး၊ ကျည်ဆန်အတောင့် သုံးဆယ်ခန့်နှင့် လက်ထိပ်တစ်ခုကို သိမ်းဆည်းလာခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်ဒန်ပန့်အဖွဲ့က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် အထက်ပါ ပလဖ တပ်ဖွဲ့ဝင်များသည် ၎င်းအား လုပ်ကြံမှု၌ ပါဝင်သည့်အတွက် ယခုကဲ့သို့ လာရောက်သိမ်းဆည်းခြင်းဖြစ်ကြောင်း ကိုကြက်ဥက ပြောဆိုထားသည်။
ထို့နောက် ပလဖ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၇ ရက်တွင် ကိုကြက်ဥနှင့် အခြားတပ်ဖွဲ့ဝင်နှစ်ဦးက ပလဖ စခန်းသို့ သွားရောက်စဉ် ယင်းကဲ့သို့ ကြုံရခြင်းဖြစ်ကြောင်း မော်ဒန်ပန့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကိုကြက်ဥက စကားပြောဖို့ဆိုပြီး အေးအေးဆေးဆေးခေါ်ထုတ်တာကို သူတို့က ဖမ်း ဖမ်းဆိုပြီး နောက်ကျောကနေ သေနတ်နဲ့ ပစ်တာ။ သုံးယောက်ဝင်သွားတာ တစ်ယောက်တော့ ပြန်ထွက်ပြေးလာနိုင်တယ်။ သူလည်း သေနတ်ပစ်လိုက်တာပဲသိတယ်။ လူကို ထိမှန်း မထိမှန်း မသိဘူး” ဟု ၎င်းက ပြောသည်။
ရုပ်သံမှတ်တမ်းအရ ပလဖ စခန်းရှေ့တွင် လက်မြှောက်ပြီး စကားပြောနေသည့် ကိုကြက်ဥ လက်တွင် ပစ္စတိုသေနတ်တစ်လက် ကိုင်ထားသည်ကို တွေ့ရသည်။
အဆိုပါသေနတ်တွင် ကျည်ဆန်လုံးဝမရှိကြောင်း အထက်ပါ မော်ဒန်ပန့်တပ်ဖွဲ့ဝင်က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ပလဖ စခန်းတွင် ဖြစ်ပွားခဲ့သည့် အခြေအနေ၊ ကိုကြက်ဥကို ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ လောင်းလုံး ပလဖ တာဝန်ခံ ကိုရသထံ မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
“လက်တလော ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗျူဟာဘက်က statement(ထုတ်ပြန်ချက်) ထုတ်ပြန်ပြီးရင် ကျွန်တော့်ဘက်က အင်တာဗျူးတာ ပြန်ဖြေကြားပါမယ်ခင်ဗျား”ဟု ကိုရသ က ပြောသည်။
လက်ရှိတွင် ကိုကြက်ဥအား မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ကိုကြက်ဥနှင့်အတူ ပလဖ စခန်းသို့ သွားရောက်ခဲ့သည့် မော်ဒန်ပန့် တပ်ဖွဲ့ဝင်နောက်တစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
မော်ဒန်ပန့်ခေါင်းဆောင် ကိုကြက်ဥက လောင်းလုံး ပအဖ နှင့် ပကဖ တာဝန်ရှိသူအချို့အား အသက်အန္တရာယ် ခြိမ်းခြောက်ပြောဆို၍ ၂၀၂၄ ခုနှစ် မေလတွင် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပထမအကြိမ် သွားရောက်ဖမ်းဆီးခဲ့ဖူးသည်။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းတွင်လည်း ယင်းသို့ပင် ဒုတိယအကြိမ်အဖြစ် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ဖူးသည်။