BREAKING
October 21, 2025

ရွေးကောက်ပွဲကိစ္စ မြန်မာစစ်အုပ်စုနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်

October 9, 2025

အာဏာသိမ်းစစ်အုပ်စုက ကျင်းပရန် ကြေညာထားသည့် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးရန် မလေးရှားနိုင်ငံခြားဝန်ကြီးသည် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း MalayMail သတင်းတစ်ရပ်က ဖော်ပြသည်။

ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိစေရေး မြန်မာစစ်အုပ်စုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွန်းအားပေးသွားမည် ဖြစ်ကြောင်း မလေးရှားအစိုးရက ဆိုသည်။

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် မလေးရှားနိုင်ငံကိုယ်စား မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က နေပြည်တော်သို့ တစ်ရက်ကြာ သွားရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ကို တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်မှ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။

စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးစားပေးစရာအဖြစ် အာဆီယံက မယူဆကြောင်း ယခုနှစ် ဇူလိုင်လတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည်။

မြန်မာစစ်အုပ်စုအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေးကတိကဝတ်များကို လိုက်နာရန် ၎င်းက တောင်းဆိုခဲ့သည်။

မြန်မာစစ်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ၊ အထူးသဖြင့် တိုက်ခိုက်မှုများ ရပ်စဲပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အတားအဆီးမရှိ ခွင့်ပြု‌ပေးရန် ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံး ပါဝင်သော ဆွေးနွေးပွဲများ ကျင်းပရန် မိုဟာမက်ဟာဆန်က တိုက်တွန်းသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မကြာသေးခင်က အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားထုတ်မှုများကို ထိခိုက်စေသည်ဟု ယနေ့ ကြာသပတေးနေ့တွင် မိုဟာမက်ဟာဆန်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။

သို့သော် အသေးစိတ်အချက်အလက်များကို ထည့်သွင်းပြောဆိုခြင်း မရှိပေ။

Source: Reuters ၊ MalayMail