ရန်ပုံငွေပြတ်လပ်မှုကြောင့် ကမ္ဘာ့အနှံ့တွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အရေအတွက်ကို လာမည့်လတွေအတွင်း လေးပုံတစ်ပုံအထိ လျှော့ချသွားတော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂအဆင့်မြင့်အရာရှိများက အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များအတွက် အမေရိကန်၏ အနာဂတ်ရန်ပုံငွေ ထောက်ပံ့မှုများ မရေမရာ ဖြစ်နေချိန်တွင် အဆိုပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
“အားလုံးခြုံကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေနဲ့ ရဲအင်အား စုစုပေါင်းထဲကနေ ၂၅ ရာခိုင်နှုန်းကို သူတို့ရဲ့ မိခင်နိုင်ငံဆီ ပြန်ပို့ရတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အထောက်အကူပစ္စည်းတွေကိုလည်း ရုတ်သိမ်းရမှာပါ” ဟု အမည်မဖော်လိုသည့် ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ ဆုံးဖြတ်ချက်က ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးမစ်ရှင်များတွင် ပါဝင်တာဝန် ထမ်းဆောင်နေသည့် အရပ်သားဝန်ထမ်းများအပေါ်မှာလည်း သက်ရောက်မှုရှိလာမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်နှင့် ရဲအင်အား ၁၃,၀၀၀ မှ ၁၄,၀၀၀ အကြား လျှော့ချသွားနိုင်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်သည် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များအတွက် ရန်ပုံငွေအများဆုံး ထောက်ပံ့သည့် နိုင်ငံဖြစ်ပြီး စုစုပေါင်း ရန်ပုံငွေ၏ ၂၆ ရာခိုင်နှုန်းကျော်ကို အမေရိကန်က ပံ့ပိုးသည်။
အမေရိကန်နောက်တွင် တရုတ်က စုစုပေါင်းရန်ပုံငွေအားလုံး၏ ၂၄ ရာခိုင်နှုန်းနီးပါးကို ထောက်ပံ့ကာ ဒုတိယလိုက်နေသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်အတွက် သတ်မှတ်ထားသည့် ရန်ပုံငွေ ဒေါ်လာ သန်း ၈၀၀ ကို ယခုနှစ် ဩဂုတ်လတွင် တစ်ဖက်သတ် ရုတ်သိမ်းလိုက်သည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးမစ်ရှင်များအတွက် အမေရိကန်အစိုးရ၏ ထောက်ပံ့မှုများကို ၂၀၂၆ ခုနှစ်တွင် ရပ်ဆိုင်းရန်လည်း အမေရိကန်သမ္မတ ၊ အိမ်ဖြူတော်ဘတ်ဂျက်ရုံးကလည်း အဆိုပြုထားသည်။
မာလီ ၊ လက်ဘနွန်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ၏ လုပ်ငန်းစဉ်များ မအောင်မြင်သောကြောင့် ယင်းသို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ၊ အိမ်ဖြူတော်ဘတ်ဂျက်ရုံးက ဆိုသည်။
အရှေ့အလယ်ပိုင်း ၊ တောင်ဆူဒန် ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လက်ဘနွန်၊ ကိုဆိုဗို၊ ဆိုက်ပရပ်စ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အနောက်ဆာဟာရ ၊ အစ္စရေးနှင့် ဆီးရီးယားကြားက ဂိုလန်ကုန်းမြင့် စစ်မဲ့ဇုန် ၊ တောင်ဆူဒန်နှင့် ဆူဒန်တို့ ပူးပေါင်းအုပ်ချုပ်သည့် အဘီယေးဒေသနှင့် အိန္ဒိယနှင့် ပါကစ္စတန်အကြား ကက်ရှ်မီးယားနယ်စပ် အပစ်ရပ်မျဉ်းတို့တွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ လည်ပတ်လျက် ရှိသည်။
Source : Reuters