BREAKING
October 18, 2025

ဂါဇာတွင် အပစ်ရပ်ပြီး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အစ္စရေးနှင့် ဟားမတ်စ် သဘောတူ

October 9, 2025

ပုံစာ - အစ္စရေးမြို့တော် Tel Aviv တွင် အင်္ဂါနေ့က တွေ့ရသည့် အောက်တိုဘာ ၇ တိုက်ခိုက်မှု အမှတ်တရ ရေပန်းရှေ့က မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - Ahmad Gharabli/AFP/Getty Images

ဂါဇာတွင် တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းပြီး ဓားစာခံနှင့် အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးရန် အစ္စရေးနှင့် ဟားမတ်စ်နှစ်ဘက်စလုံးက သဘောတူလိုက်ပြီ ဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုသည့် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ယင်းသို့ ဆောင်ရွက်ရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်မှာ အချိန် ၂ နှစ် ကြာမြင့်နေပြီဖြစ်သော ဂါဇာစစ်ပွဲနှင့် ပတ်သက်၍ လပေါင်းများစွာအတွင်း အကြီးမားဆုံးသော အပြုသဘောဆောင်ရလဒ် ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

“ဒီသဘောတူညီချက်အရ ဓားစာခံတွေအားလုံးကို ပြန်လွှတ်ပေးတော့မယ်။ အစ္စရေးကလည်း သူတို့ သဘောတူထားတဲ့ နယ်နိမိတ်မျဉ်းဆီ သူတို့ရဲ့ တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းပေးတော့မယ်။ ဒါတွေဟာ ခိုင်မာ ၊ တည်တံ့ပြီး ထာဝရငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ ပထမဆုံး ခြေလှမ်းတွေ ဖြစ်တယ်” ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

“သက်ဆိုင်သူအားလုံးကို မျှမျှတတ ဆက်ဆံသွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဓားစာခံများ ပြန်လွှတ်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ “ဘုရားသခင်ရဲ့ အကူအညီနဲ့ သူတို့အားလုံးကို အိမ်ပြန်ခေါ်လာမယ်”ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။

ဟားမတ်စ်အဖွဲ့ကလည်း ဂါဇာတွင် စစ်ပွဲအဆုံးသတ်ရေးကို ဦးတည်သည့် အပေးအယူတစ်ခုကို သဘောတူခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ဂါဇာတွင် အစ္စရေးတပ်များ ရုပ်သိမ်းစေကာ အကူအညီများ ဝင်ရောက်ခွင့်ပေးပြီး ဓားစာခံများနှင့် အကျဉ်းသားများ လဲလှယ်မည့် သဘောတူညီချက်တစ်ခုဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောသည်။

အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အစ္စရေးဘက်က ငြင်းပယ်ခြင်း ၊ အချိန်ဆွဲခြင်းမရှိစေရေး အမေရိကန်နှင့် ကြားဝင်ညှိနှိုင်းပေးသူများက သေချာစေရန်လည်း ဟားမတ်စ်အဖွဲ့က တောင်းဆိုခဲ့သည်။

ယင်းသဘောတူညီချက်အရ ယခုသီတင်းပတ်အတွင်း အသက်ရှင်နေသည့် ဓားစာခံ ၂၀ ဦးကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းအရာနှင့် နီးစပ်သူများက ပြောသည်။

ယင်းနှင့် တပြိုင်နက်တည်းမှာပင် အစ္စရေးစစ်တပ်ကလည်း ဂါဇာကမ်းမြောင်ဒေသ၏ နေရာအများစုမှ ပြန်လည်ဆုတ်ခွာတော့မည် ဖြစ်သည်။

ဖြေရှင်းရမည့် ပြဿနာများစွာ ကျန်ရှိနေသေးသော်လည်း အစ္စရေးနှင့် ဟားမတ်စ်နှစ်ဖက်စလုံးသည် ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် လပေါင်းများစွာအတွင်း အနီးစပ်ဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ပြီသည်ဟု AP သတင်းဌာနက ဖော်ပြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုနှင့်အတူ စတင်ပေါ်ပေါက်လာခဲ့သည့် ဂါဇာစစ်ပွဲသည် ပါလက်စတိုင်း ထောင်ပေါင်းများစွာကို သေဆုံးစေခဲ့ပြီး၊ ဂါဇာဒေသ အများစုကို ဖျက်ဆီးခဲ့ကာ အရှေ့အလယ်ပိုင်းတစ်လျှောက် အခြားလက်နက်ကိုင်ပဋိပက္ခများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

Source: Associated Press