BREAKING
October 18, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 9, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ

စစ်အာဏာရှင်တပ်ရဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရာမှာ စစ်ခေါင်းဆောင်ကို အာဏာလွှဲပေးပြီး ယာယီသမ္မတရာထူးနဲ့ ဆက်လက်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ဩဂုတ်လ ၇ ရက်မှာ ကွယ်လွန်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လူယုံတော်ဖြစ်တဲ့ ဦးမြင့်ဆွေဟာ အာရုံကြောတွေ နွေးကွေးတုံ့ဆိုင်းတဲ့ရောဂါကို တစ်နှစ်ကျော် ခံစားရပြီးနောက် အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်တာပါ။ စစ်ကော်မရှင်ကတော့ ဩဂုတ်လ ၇ရက်ကနေ ၉ရက်အထိကို နိုင်ငံအလံ ထက်ဝက်လွှင့်ထူကာ ဝမ်းကြောင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားပြီး ဩဂုတ်လ ၁၁ရက်မှာ ပြုလုပ်မယ့် ဈာပနကိုလည်း နိုင်ငံတော်အဆင့်လုပ်မယ်လို့ ကြေညာထားပါတယ်။ အဲဒီဈာပါနကို စစ်ကော်မရှင်က တင်မြှောက်ထားတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဦးဆောင်မှာဖြစ်ပါတယ်။

ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးဆိုးဝါးလို့ ဆေးခွင့်ယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုပြီးနောက် ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ရယူထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းကာလမှာ ဦးမြင့်ဆွေဟာ ရုပ်သေးသမ္မတ လိုသာရှိခဲ့ပြီး စစ်ကောင်စီကို သက်တမ်းတိုးပေးရတဲ့ အစည်းအဝေးတွေမှာပဲ မြင်တွေ့ရလေ့ရှိခဲ့ပါတယ်။

ဦးမြင့်ဆွေဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့လက်ထက်မှာ ရာထူးမြန်မြန်ဆန်ဆန်တိုးခဲ့သူဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ်ခန့်အပ်ခံခဲ့ရသလို ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူး ရရှိခဲ့သူဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ စစ်တပ်က တင်မြှောက်တဲ့ ဒုသမ္မတ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှူး ဘဝမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူရဲ့ထောက်လှမ်းရေးအဖွဲ့ကို ဖယ်ရှားခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွဲမှုအတွက် တာဝန်ရှိသူလည်းဖြစ်ပါတယ်။ 

……………………………………..

အမေရိကန်လော်ဘီကုမ္ပဏီကို မြန်မာစစ်အုပ်စု ဒေါ်လာသုံးသန်းနဲ့ငှားရမ်း

အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ဝါရှင်တန်အခြေစိုက် DCI Group လော်ဘီကုမ္ပဏီကို မြန်မာစစ်အုပ်စုက အမေရိကန်ဒေါ်လာ သုံးသန်းနဲ့ ငှားရမ်းခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

လော်ဘီကုမ္ပဏီနဲ့ မြန်မာ စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်းကြီးဌာနတို့ ဇူလိုင်လ ၃၁ ရက်မှာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်အရ ကုန်သွယ်ရေး၊ သဘာဝသယံဇာတနဲ့ လူသားချင်း စာမှု ကိစ္စရပ်တွေမှာ ပြန်လည်ကောင်းမွန်လာဖို့ လော်ဘီကုမ္ပဏီဘက်က ပြည်သူ့ရေးရာဝန်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကျဉ်တာ ခံရပြီး အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ အရေးယူမှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်အုပ်စုဟာ ငွေကြေးများစွာ အကုန်အကျခံပြီး ဆက်ဆံရေးပြေလည်ဖို့ ပြန်လည်ကြိုးပမ်းလာတာဖြစ်ပါတယ်။

အမေရိကန်အစိုးရက မြန်မာပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်းကောက်မယ်လို့ ပြောဆိုလာချိန်၊ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန် သမ္မတဒေါ်နယ်ထရမ့်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ လော်ဘီကုမ္ပဏီတစ်ခုကို အခုလို ငှားရမ်းလာတာလည်းဖြစ်ပါတယ်။

……………………………………..

တက္ကသိုလ်ဝင် အမှတ်စာရင်း မှားယွင်းလို့ ထုတ်ပေးမှုယာယီရပ်ဆိုင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန် စာမေးပွဲအောင်မြင်သူတွေကို အမှတ်စာရင်းထုတ်ပေးရာမှာ မှားယွင်းမှုတွေ ရှိနေလို့ အမှတ်စာရင်းထုတ်ပေးတာကို ဩဂုတ်လ ၄ ရက်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။

စာမေးပွဲအောင်မြင်သူတွေကို ဇူလိုင်လ ၃၀ ရက်က အမှတ်စာရင်း စတင်ထုတ်ပေးရာမှာ ဘာသာရပ်တချို့ ကျရှုံးနေတာမျိုး ကြုံနေရတာပါ။ စစ်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနကတော့ ဆာဗာစနစ် မှားယွင်းမှုကြောင့်လို့ ဖြေရှင်းချက်ထုတ်ပါတယ်။ ဆာဗာစနစ်မှာ ထည့်သွင်းထားတဲ့ အချက်အလက်တွေကို စိစစ်နေပြီး စိစစ်တာပြီးစီးရင် ပြန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ထုတ်ပေးနိုင်မယ်ဆိုတာကို တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုသူ နှစ်သိန်းကျော်ရှိပြီး အဲဒီထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ၄၈ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပါတယ်။

……………………………………..

ရေကြီး၊ မြေပြိုတာတွေကြောင့် လူဆယ်နဲ့ချီသေဆုံး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မြေပြိုလို့ လူ ၁၀ကျော်သေဆုံးပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ရေကြီးတာကြောင့် လူခြောက်ဦးသေဆုံးတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

သံတောင်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၄ရက်ကနေ မိုးသည်းထန်ရွာသွန်းပြီးနောက် ဥယျာဉ်ခြံတွေထဲ မြေပြိုတာကြောင့် လူ ၁၀ ကျော်သေဆုံးပြီး ပျောက်ဆုံးနေသူတွေရှိနေသလို နေအိမ်တွေလည်း ဆယ်နဲ့ချီပျက်စီးတယ်လို့ ဆိုပါတယ်။

ကချင်တပ် KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းရေတက်လာပြီး ရေကြီးလို့ လူ ခြောက်ဦးသေဆုံးပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေအပါအဝင် လူ ငါးထောင်ကျော် ရေဘေးဒဏ်ကို ခံစားနေကြရသလို နေအိမ် လေးရာကျော်လည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုသီတင်းပတ်အတွင်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ရွာပေါင်း ၈၀ နဲ့ လယ်ဧက သုံးသောင်းကျော် ရေကြီးနေပြီး စာသင်ကျောင်း ၄၀ နီးပါးလည်း ယာယီပိတ်ထားရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာလည်း ရေကြီးသလို ပင်လောင်းမြို့မှာတော့ ရေကြီးမှုကြောင့် မြေပြိုလို့ စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ မြို့နယ် ၂၀ ကျော် ရေဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။

……………………………………..

တော်လှန်ရေးဒေသကို ကုန်သယ်ခွင့် တင်းကျပ်၊ လစဉ်သုံးနဲ့ ဒိုင်ပါတွေကိုပါ သယ်ခွင့်ပိတ်

ဓာတ်ပုံ – Mandalay Free Press – MFP

မန္တလေးကနေ မြန်မာနိုင်ငံ အထက်ပိုင်း တော်လှန်ရေးအားကောင်းတဲ့ဒေသတွေ လူသုံးကုန်နဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့် ပိတ်ပင်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ စက်သုံးဆီတွေ၊ ဝါယာကြိုး၊ ဘတ်ထရီ၊ ဆိုလာ၊ ပါဝါဘဏ် စတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေ၊ စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ လစဉ်သုံးပစ္စည်း၊ ဒိုင်ပါ၊ အဝတ်အထည် စတဲ့ ဆေးဝါးပစ္စည်းတွေ၊ သုံးလက်မနဲ့ အထက် ပိုက်တွေ၊ အောက်စီဂျင်အိုးတွေ စတဲ့ ပစ္စည်းတွေကို ပိတ်ပင်ထားတာပါ။

အဲဒီပစ္စည်းတွေကို မန္တလေးတိုင်း စစ်အစိုးရရဲ့ ထောက်ခံချက် မပါရင် ဖြတ်သန်းသယ်ဆောင်ခွင့်မပြုဖို့ စစ်အာဏာရှင်တပ်က တားမြစ်ထားပါတယ်။ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပစ္စည်းတွေကို ဗီနိုင်းထောင်ပြီး အသိပေးထားတာ တွေ့ရပါတယ်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ တရားမဝင်ကုန်စည်နှိမ်နှင်းရေး စီမံချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး တော်လှန်ရေးဒေသကို ကုန်ပစ္စည်းတွေ မရောက်အောင် လုပ်ဆောင်နေတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဇူလိုင်လ ၃၀ ရက် အစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင်က တရားမဝင် ပစ္စည်းတွေကို မဖမ်းဘဲ လွှတ်ပေးနေရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးထားပါသေးတယ်။

……………………………………..