BREAKING
October 19, 2025

ကမ္ဘောဒီးယားများ နေရပ်ပြန်သွား၍ မြန်မာကျွမ်းကျင်ရေလုပ်သားများကို ထိုင်းခေါ်ယူလို

August 9, 2025

ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း နေရပ်ပြန်သွားသော ကမ္ဘောဒီးယားရေလုပ်သားများနေရာတွင် မြန်မာကျွမ်းကျင်ရေလုပ်သားများကို အစားထိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ထိုင်းငါးဖမ်းလုပ်သားအသင်းက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယား ငါးဖမ်းအလုပ်သမားထောင်ချီသည် နှစ်နိုင်ငံ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း နေရပ်ပြန်သွားကြသဖြင့် လစ်လပ်နေသော ရေလုပ်သားများနေရာတွင် ကျွမ်းကျင်လုပ်သားများဖြစ်သော မြန်မာနိုင်ငံသားများကို ခန့်ထားနိုင်ရေး ပြင်ဆင်နေကြောင်း ထိုင်းငါးဖမ်းလုပ်ငန်းအသင်းဥက္ကဋ္ဌ Mongkol Sukcharoenkana က ယနေ့ ဩဂတ်လ ၉ ရက်တွင် ထိုင်းသတင်းဌာနများသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်း ငါးဖမ်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေသာ ကမ္ဘောဒီးယားအလုပ်သမား ၁၄၀၀၀ မှ ၁၅၀၀၀ အထိရှိပြီး ၎င်းတို့ထဲတွင် နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နှင့် ငါးဖမ်းလုပ်သားဥပဒေအောက်က ခန့်ထားသော အလုပ်သမားများဟူ၍ နှစ်မျိုးရှိကြောင်း ၎င်းက ပြောသည်။

ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း MoU ငါးဖမ်းအလုပ်သမားများက စာချုပ်အရ ဆက်လက်လုပ်ကိုင်နေသော်လည်း ငါးဖမ်းအလုပ်သမား ဥပဒေအောက်က ခန့်ထားသော ၄၀၀၀ မှ ၅၀၀၀ အထိသည် နေရပ်ပြန်ကုန်ကြကြောင်း ၎င်းက ပြောသည်။

အထူးသဖြင့် ကမ္ဘောဒီးယား အလုပ်သမားများက နှစ်နိုင်ငံ ပဋိပက္ခများကြောင့် နေရပ်ပြန်ကြကုန်ကြခြင်းဖြစ်ပြီး လစာပြဿနာများကြောင့် မဟုတ်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် လစ်လပ်သွားသော ငါးဖမ်းအလုပ်သမားများနေရာတွင် မြန်မာရေလုပ်သားများကို ငါးဖမ်းလုပ်သားဥပဒေအောက်က အမြန်ခေါ်ယူ ခန့်ထားနိုင်ရေး အလုပ်သမားဝန်ကြီးဌာနထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။

မြန်မာငါးဖမ်းအလုပ်သမားများသည် အတွေ့အကြုံများအရ ငါးဖမ်းလုပ်ငန်းတွင် ကျွမ်းကျင်ပြီးသားဖြစ်သဖြင့် လေ့ကျင့်သင်ကြားပေးရန် မလိုအပ်ကြောင်းလည်း၊ လစ်လပ်သွားသော နေရာများအတွက် ဖြည့်ဆည်းနိုင်ရေး လုံလုံလောက်လောက်ရှိနေကြောင်း ၎င်း၏ ပြောကြားချက်ကို ဖော်ပြသည်။

Ref: The Natoion Thailand, Bangkok Biz News, Prachatai