အမေရိကန်က ကြားဝင်ညှိနှိုင်းပေးသည့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ကို အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့က ဩဂုတ်လ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။
နှစ်နိုင်ငံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ သောကြာနေ့က အိမ်ဖြူတော်တွင် အတူရှိနေစဉ် ယင်းသို့ လက်မှတ်ထိုးလိုက်ခြင်း ဖြစ်သည်။
နယ်နိမိတ်ချင်းထိစပ်နေသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား ဆယ်စုနှစ်ချီကြာ နှစ်နိုင်ငံပဋိပက္ခများကို အဆုံးသတ်ကာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက် ရေရှည်အသက်ဝင်လာပါက ထရမ့်အစိုးရအတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ပြီး ရုရှားအဖို့ စိတ်မသက်သာစရာ ဖြစ်လာနိုင်ကြောင်း Reuters က ဖော်ပြသည်။
အဆိုပါ နှစ်နိုင်ငံကို ရုရှားက ၎င်း၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းရှိသည့် နိုင်ငံများအဖြစ် ယူဆထားသောကြောင့် ဖြစ်သည်။
“ ၃၅ နှစ်ကြာအောင် သူတို့ အကြာကြီး တိုက်ခိုက်ခဲ့ကြပြီးပြီ။ အခု သူတို့ဟာ မိတ်ဆွေတွေ ဖြစ်သွားကြပြီ။ မိတ်ဆွေတွေအဖြစ် သူတို့အကြာကြီး နေသွားကြတော့မယ်” ဟု ထရမ့်က ဆိုသည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို လမ်းဖွင့်ထားကာ တစ်နိုင်ငံ၏ နယ်မြေပိုင်နက်ဂုဏ်သိက္ခာကို အခြားတစ်နိုင်ငံက လေးစားအသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံပဋိပက္ခအဆုံးသတ်ရေးတွင် ထရမ့်၏ အခန်းကဏ္ဍကို အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နှင့် အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan တို့ နှစ်ဦးစလုံးက အိမ်ဖြူတော်၌ ချီးမွမ်းပြောဆိုခဲ့သည်။
ယင်းကြောင့် ထရမ့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုသွားမည်ဟု အဆိုပါ ခေါင်းဆောင်နှစ်ဦးစလုံးက ပြောသည်။
အာမေးနီးယားနှင့် အဇာဘိုင်ဂျန်သည် ၁၉၈၀ ပြည့်နှစ်လွန်နှောင်းပိုင်းကာလများကတည်းက နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်နေခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံအတွင်းရှိ အာမေးနီးယန်းလူမျိုးအများစုနေထိုင်ရာ တောင်ကုန်းထူထပ်သည့် Nagorno-Karabakh သည် အာမေးနီးယားအစိုးရ၏ ထောက်ခံမှုဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။
အဆိုပါ ဒေသကို ၂၀၂၃ ခုနှစ်တွင် အဇာဘိုင်ဂျန်အစိုးရက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ယင်းကြောင့် ဒေသခံ အာမေးနီးယန်းလူမျိုး ၁၀၀,၀၀၀ မှာ အာမေးနီးယားနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
Source: Reuters