BREAKING
June 14, 2025

တနင်္သာရီတိုင်းတွင် ၁၇ လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှု သုံးရာကျော်ဖြစ်ပွား

August 9, 2022

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု တစ်ရာကျော်ရှိပြီး ဗုံးခွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ရာကျော်ရှိလာကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်လိုက်သည်။

တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များအား လေ့လာနေသည့် ယင်းအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ ဇူလိုင်လအထိ ၁၇ လအတွင်း နှစ်ဖက်တိုက်ပွဲ ၁၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ဗုံးကွဲခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၂၁၉ ကြိမ် ဖြစ်ပွားခဲ့သည်ကို လေ့လောတွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သားသေဆုံးမှု ၁၄၁ ကြိမ်ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရှိရကြောင်းလည်း Southern Monitor အဖွဲ့က ထုတ်ပြန်သည်။ သို့သော် သေဆုံးသည့် လူဦးရေကို ဖော်ပြထားခြင်းမရှိပေ။

၂၀၂၁ ခုနှစ် ဇွန်လမှစတင်ကာ ပဋိက္ခဖြစ်စဉ်များ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၂၂ ဧပြီလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်အများစုမှာ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်တွင် နည်းပါးသည်ကို လေ့လာတွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းအတွင်း ယခင်ကတည်းက ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ရှိနေပြီး လက်ရှိတွင် တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိလာနေကာ စစ်ရေး လှုပ်ရှားမှုများလည်း တဖြည်းဖြည်း တိုးမြင့်လာနေသည်။