မြိတ်မြို့ပေါ်တွင် ဖုန်းနှင့် ဆိုင်ကယ်လုယက်ပြီး လူကိုပါ ဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မြိတ်မြို့ခံအမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း မြိတ်မြို့ခံအချို့ထံမှ သိရသည်။
မြိတ်မြို့ ILBC ပုဂ္ဂလိကစာသင်ကျောင်းက လူငယ်ကျောင်းဆရာတစ်ဦးဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ကိုသီဟဝင်းသည် ဇူလိုင်လ ၇ ရက်ညက ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံခဲ့ရပြီး ဓားဖြင့်လည်း ထိုးခံရသဖြင့် သေဆုံးခဲ့သည်။
ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသည့် ကိုသီဟဝင်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ ကားလမ်းဘေး ချုံတစ်ခုအတွင်း တွေ့ရှိခဲ့သည်။
လုယက်သတ်ဖြတ်သည်ဆိုသည့် အမျိုးသားနှစ်ဦးကို ခိုးရာပါ ဆိုင်ကယ်ရောင်းချရာကတစ်ဆင့် ရဲတပ်ဖွဲ့က ဇူလိုင်လ ၉ ရက် (ယနေ့) နံနက်တွင် ဖမ်းဆီးရမိကြောင်း ကိုသီဟဝင်း၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
“ဆိုင်ကယ်ရောင်းလို့ မိတာပါ။ ဖုန်းကတော့ အရင်ရောင်းထားပြီး(ပြီလို့) ပြောပါတယ်။ ဆိုင်ကယ်သွားရောင်းမှ မိတာ” ဟု ၎င်းက ပြောသည်။
အဆိုပါ သံသယရှိသူ နှစ်ဦးသည် အသက် ၁၉ နှစ်ဝန်းကျင်အရွယ် မြိတ်မြို့ခံများဖြစ်ကြောင်း မြို့ခံအချို့ထံမှ စုံစမ်း သိရသည်။ ၎င်းတို့နှစ်ဦးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကိုသီဟဝင်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းဆင်း ပညာရေးဘွဲ့ (B.Ed.) ဘွဲ့ရ လူငယ်တစ်ဦးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို လာမည့်သောကြာနေ့တွင် ကလွင်သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းများ အခြေစိုက်ထားသည့် မြိတ်မြို့ပေါ်တွင် လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်။
“လုယက်မှုတွေကတော့ နေ့တိုင်းနီးနီးကို ရှိတာ။ ဖုန်းလုတာတို့ ဘာတို့ပေါ့၊ အသေအပျောက်တော့မရှိဘူး။ သူ (ကိုသီဟဝင်း) တစ်ယောက်ကတော့ ဆိုးဆိုးဝါးဝါးဖြစ်သွားတာ” ဟု မြိတ်မြို့ခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း မြစ်ငယ်ရပ်ကွက်၊ ရေကန်ဘောင်အနီး ဘုန်းကြီးကျောင်းအနောက်ဘက်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့သေးသည်။