တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များကြား နှစ်ရက်ဆက် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ဇူလိုင်လ ၈ ရက်တွင် သိန်ခွန်းရွာဝန်းကျင်၌ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း KNLA-တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်။ ပစ်လိုက်ပြန်ဆုတ်လိုက်နဲ့ အနီးကပ်ဖြစ်တာကျတော့ သူတို့အလောင်းတွေလည်း မြင်နေရတယ်။ တိုက်ပွဲအတွင်း လေကြောင်း (လေယာဉ်) လည်း လာတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်မှု မရှိကြောင်း တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
တိုက်ပွဲဖြစ်ချိန် ၃နာရီကျော် ကြာလာချိန်တွင် စစ်ကောင်စီဘက်က သေဆုံးသူနှင့် ဒဏ်ရာရသူများလာသည့်အတွက် ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုကြသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းမတိုင်မီ ဇူလိုင်လ ၇ရက်တွင်လည်း ဒရုန်းများဖြင့် နှစ်ဖက်အပြန်အလှန် ဗုံးချတိုက်ခိုက်ကြကြောင်း KTLA-tcjf ကော်သူလေးအာမီမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒရုန်းနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ သူတို့ (စကစ) ဘက်က လက်နက်ကြီးပစ်တာတော့ ပိုတယ်ပေါ့။ လူချင်းတော့ ထိပ်တိုက်မဖြစ်ကြဘူး” ဟု ၎င်းက ပြောဆိုသည်။
ခြောက်လကျော်ကြာလာပြီဖြစ်သည့် သိန်ခွန်းရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း ရှိကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။