BREAKING
October 20, 2025

အာရှ-ပစိဖိတ်အတွင်း တရုတ်၏ ရန်လိုမှုများမှာ အမေရိကန်နှင့် မဆိုင်ဟု ဖိလစ်ပိုင်ဆို

July 9, 2025

ပုံစာ - တောင်တရုတ်ပင်လယ်အတွင်း ၂၀၂၄ ခုနှစ်က တွေ့ရသည့် တရုတ်ရေတပ်သင်္ဘောအချို့ ။

အင်ဒိုပစိဖိတ်ဒေသအတွင်း တရုတ်၏ ရန်လိုမှုများသည် ၎င်းတို့၏ ကာလရှည် ကိုယ်ပိုင်ရည်မှန်းချက်များကြောင့်သာ ဖြစ်ပြီး အမေရိကန်နှင့် မသက်ဆိုင်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုလိုက်သည်။

အာရှပစိဖိတ်ဒေသအတွင်း ပေါ်ပေါက်နေသည့် စိန်ခေါ်မှုများသည် တရုတ်၏ ပိုင်နက်ချဲ့ထွင်ရေးလုပ်ငန်းစဉ်များကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဖိလစ်ပိုင်နှင့် တရုတ်အကြား တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့သည်။

“တရုတ်က ပိုပိုပြီး ရန်လိုလာတာ နှစ်တော်တော်ကြာလာခဲ့ပါပြီ”ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro က ပြောသည်။

အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်၏ ရန်လိုမှုများမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်များနှင့် သက်ဆိုင်မှုရှိမရှိ ဆိုသည့်မေးခွန်းကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက “တရုတ်ရဲ့ လက်ရှိအစီအစဉ်တွေကို သူတို့ရဲ့ ခေါင်းဆောင်ကနေ ဆုံးဖြတ်စီစဉ်တာလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ အမေရိကန်သမ္မတ ဘယ်သူဘယ်ဝါဆိုတာနဲ့ မသက်ဆိုင်ပါဘူး” ဖြေကြားခဲ့သည်။

“အဲဒါက ဒေသတွင်း သူတို့(တရုတ်)ရဲ့ ရည်မှန်းချက်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ သူတို့ရဲ့ ပိုင်နက်ချဲ့ထွင်ရေးလုပ်ရပ်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒေသတွင်းနယ်မြေတွေကို ထိန်းချုပ်ဖို့ သူတို့ရဲ့ လိုလားချက်နဲ့ပဲ သက်ဆိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်၏ မူဝါဒများက အာရှ-ပစိဖိတ်ဒေသကို လွှမ်းမိုးရိုက်ခတ်မှုရှိသော်လည်း တရုတ်၏ လုပ်ရပ်များကို ၎င်းတို့၏ ခေါင်းဆောင်ကသာ ကြိုတင်ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ၊ အမေရိကန်သမ္မတ ဘယ်သူဘယ်ဝါဆိုသည်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှု မြင့်တက်နေသော်လည်း စစ်ပွဲပေါ်ပေါက်လာမည့်အရေး စိုးရိမ်ရန် မလိုအပ်သေးကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

“စစ်ပွဲရဲ့ အလားအလာက လတ်တလော ဖြစ်ပေါ်လာဦးမှာ မဟုတ်ပါဘူး။ စစ်ပွဲဖြစ်ဖို့က အလှမ်းဝေးနေသေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ စစ်ပွဲဖြစ်မဖြစ်ဆိုတာက တရုတ်ရဲ့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေအပေါ်မှာပဲ လုံးဝမူတည်နေပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်က Nine-dash line ဟု ခေါ်သော တောင်တရုတ်ပင်လယ်ပိုင်နက်မျဉ်းမှာ ဖိလစ်ပိုင်အတွက် ကြီးမားသည့် လုံခြုံရေးဆိုင်ရာပြဿနာတစ်ခု ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်နက်ကြေညာမှုများကို

အကျယ်လောင်အပြင်းထန်ဆုံး ဝေဖန်ကန့်ကွက်သည့်နိုင်ငံများထဲမှတစ်ခု ဖြစ်သည်။

မလေးရှားကဲ့သို့သော ဖိလစ်ပိုင်၏ အိမ်နီးချင်းနိုင်ငံအချို့ကမူ ယင်းနှင့်ပတ်သက်၍ ပိုမိုသတိထားပြောဆိုလေ့ရှိသည်။

တရုတ်ပြည်မကြီးအစိုးရက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

ဘရူနိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့ကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

တရုတ်က ၎င်းတို့၏ အတိတ်က မြေပုံများကို အခြေခံကာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ကြေညာမှုများမှာ အပြည်ပြည်ဆိုင်ရာဥပဒေအရ အခြေအမြစ်မရှိဟု ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာတရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို လက်ခံရန် တရုတ်က ငြင်းဆန်လျက်ရှိသည်။

Source: Reuters