BREAKING
October 20, 2025

ထောက်ခံစာပါမှ ထားဝယ်မြို့သို့ သွားခွင့်ပြုသဖြင့် လောင်းလုံးရဲစခန်းတွင် ထောက်ခံစာလုပ်သူများတိုးဝှေ့

July 9, 2025

ပုံစာ - ကမြောကင်းတံတားဂိတ်ကို ထားဝယ်မြို့ဘက်မှ တွေ့ရစဉ်(ပုံဟောင်း)

လောင်းလုံးမြို့နယ်အတွင်းနေထိုင်သည့်ဒေသခံများ ထားဝယ်မြို့ပေါ်သို့သွားရာတွင် ထောက်ခံစာပါမှသာ ကမြောကင်း တံတားကို ဖြတ်သန်းခွင့်ပြုသည့်အတွက် လောင်းလုံးရဲစခန်းတွင် ထောက်ခံစာလုပ်သူများဖြင့် ပြည့်ကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၈ ရက်ကစပြီး ထောက်ခံစာပါ မပါ စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အာဏာသိမ်းကာလအစောပိုင်းကလည်း ဒေသတွင်း ခရီးသွားလာပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ ပါရမည်ဟု တင်းကျပ်ခဲ့ဖူးသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် ဖြတ်သန်းနိုင်သော်လည်း လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအားလုံးနီးပါးတွင် ရပ်ကျေးအုပ်ချုပ်ရေးယန္တရားရပ်တန့်နေသည့်အတွက် ရဲစခန်းထောက်ခံစာ လုပ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။

“အခုတော့ စစ်လို့ မပါရင် နောက်အခါကျ လုပ်လာဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု သောကြာပြင်ရွာခံ သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ကမြောကင်းတံတားဖြတ်သန်းသူအားလုံးကို စစ်ဆေးနေခြင်းမဟုတ်ဘဲ ခရီးသည်တင်ကားဖြင့် သွားလာသူများကို အဓိကထားစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

သို့ရာတွင် ထောက်ခံစာပါမှဖြတ်သန်းခွင့်ပြုမည်ဆိုသည့်သတင်းကြောင့် ထောက်ခံစာလုပ်သူများပြားနေခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်မြောက်ဘက်ခြမ်းရှိ သောကြာပြင်ရွာ၊ နခံတောရွာ၊ မောင်းမကန်ရွာ စသည့်ကျေးရွာနေ ဒေသခံများထက် မြို့နယ်တောင်ဘက်ခြမ်းက လာသူများကို အဓိကထား စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့နယ်တောင်ဘက်ခြမ်းကျေးရွာများတွင် သပိတ်လှုပ်ရှားမှုအပါအဝင် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့်ဒေသလည်းဖြစ်သည်။

ကမြောကင်းတံတားဖြတ်သန်းချိန် ယင်းကဲ့သို့ တင်းကျပ်လိုက်သည့်အတွက် လောင်းလုံးမြို့မရဲစခန်းတွင် ထောက်ခံစာ လုပ်သူများပြားပြီး တန်းစီစောင့်ဆိုင်းနေရကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“လူက တော်တော်တိုးနေရတယ်။ မူးလွန်းလို့ မယူသေးဘဲ ပြန်ထွက်လာလိုက်တာ။ တိုးတဲ့သူတွေတော့ တိုးနေတုန်းပဲ။ ဓာတ်ပုံနှစ်ပုံနဲ့ မှတ်ပုံတင်မိတ္တူလိုတယ်” ဟု ၎င်းက ပြောသည်။

ရဲစခန်းထောက်ခံစာအတွက် ငွေကြေးပေးဆောင်ရန် ပမာဏသတ်မှတ်ထားခြင်းမရှိသော်လည်း စေတနာရှိသလောက် ထည့်ဝင်ကြရန် ပြောဆိုနေကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

ယမန်နေ့က ရဲစခန်းထောက်ခံစာကို လူကြုံဖြင့်ယူခိုင်း၍ရသော်လည်း ယနေ့တွင်မူ လူကိုယ်တိုင်လာမှ ထောက်ခံစာ ထုတ်ပေးတော့ကြောင်း ကိုယ်တိုင်ကြုံရသူများထံမှ သိရသည်။

လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ မြို့ခံများကမူ စစ်ကောင်စီခန့် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းထံတွင် ထောက်ခံစာ သွားယူ၍ရကြောင်း ပြောဆိုကြသည်။

“(ဦးမင်းသိန်းဆီက ထောက်ခံစာ ယူသူတွေ) စရဖ ရုံးမှာ ယူရတယ်။ ထောက်ခံစာက ရွာဘက်က (လူတွေ) ယူတာနဲ့ မြို့ပေါ်ကလူတွေ ယူတာ (နေရာ) မတူဘူး” ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ မောင်းမကန်နယ်မြေရဲစခန်းတွင်လည်း ထောက်ခံစာလာလုပ်သူ များပြားနေကြောင်း မောင်းမကန်ရွာခံအချို့ထံမှ သိရသည်။

“အချို့လူတွေကလည်း ကိုယ်တိုင်သွားလုပ်တယ်။ အချို့ကလည်း လူကြုံနဲ့ယူခိုင်းတယ်။ လုပ်စားတာပဲဖြစ်မယ်။ ပြီးရင်တော့ ပြန်ပျောက်သွားမယ်ထင်တာပဲ” ဟု မောင်းမကန်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်းမကန်ရဲစခန်းတွင် ထောက်ခံစာတစ်စောင်ရရန်အတွက် ငွေကျပ်ငါးထောင်ပေးရပြီး ထောက်ခံစာတစ်စောင်၏ သက်တမ်းမှာ တစ်လရသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့အဝင်ရှိ အခြားစစ်ဆေးရေးဂိတ်များတွင်မူ ထောက်ခံစာမလိုအပ်ဘဲ သွားလာခွင့်ရနေသေးကြောင်း စုံစမ်းသိရသည်။