BREAKING
October 18, 2025

သုခ နယ်စပ်စခန်းမသိမ်းမီ စခန်းတာဝန်ခံဗိုလ်ကြီး KNU နှင့်ပူးပေါင်း

July 9, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုမီ လေးရက် ကြိုတင်ပြီး စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး (ခေါ်) စောမိုးဇက်သည် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များထံ ဘက်ပြောင်းခိုလှုံကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗိုလ်ကြီးမျိုးဆွေဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၂ က ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“သုခ မတိုက်ခင် လေးရက်ကြိုပြီးတော့ ကျွန်တော်တို့ဆီကို ဝင်လာတာပေါ့နော်” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

တော်လှန်ရေးတပ်များထံ ဘက်ပြောင်းပူးပေါင်းမှုနှင့် ပတ်သက်၍ ဗိုလ်ကြီးမျိုးဆွေဦး ပြောဆိုထားသည့် ရုပ်သံမှတ်တမ်း တစ်ခုလည်း အင်တာနက်လူမှုကွန်ရက်တွင် တွေ့ရသည်။

ပြည်သူလူထုအကျိုးစီးပွားကို ကြည့်ပြီး မှန်ကန်သည့်ဘက်တွင်သာ ရပ်တည်တော့မည်ဖြစ်ကာ နောက်ထပ်ဘက်ပြောင်း ခိုလှုံမည့်သူများကို လာရောက်ကြိုဆိုမည်ဖြစ်ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။

“မှန်တဲ့ဘက်ပဲ ရပ်တည်တော့မယ်။ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) ခင်ဗျားတို့လည်း ဆုံးဖြတ်ချက်ကို ကိုယ့်ဟာကိုယ် စဉ်းစား။ ကိုယ်နဲ့မဆိုင်တဲ့ အခန်းတွေမှာ ဘယ်လောင်တောင်ပြေးခဲ့ရပြီလဲဆိုတာ ပြန်တွေးကြည့်လိုက်ပေါ့။ ကိုယ်က လုပ်နေတာပဲ ရှိတယ်။ ဘာမှမရှိဘူးခင်ဗျားတို့အတွက်။ ခင်ဗျားတို့ သေသွားလည်း သူတို့က ဂေါက်ရိုက်မပျက်ဘူး။ ဝမ်းမနည်းဘူး” ဟု ဗိုလ်ကြီးမျိုးဆွေဦးက ပြောဆိုထားသည်ကို တွေ့ရသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်အခြေစိုက် ခလရ ၂၈၂ တပ်ရင်းက အထိုင်ချထားသည့် သုခစစခန်းကို KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ ဇူလိုင်လ ၇ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။

သုခစခန်းတွင် စစ်ကောင်စီတပ်အင်အား ၃၀ ခန့်ရှိပြီး စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၄ ဦးသည် ထိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း ပဒိုစောအယ်နားက ပြောဆိုထားသည်။

စခန်းသိမ်းတိုက်ပွဲတွင် KNU တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း (၁၀)၊ တပ်ရင်း (၁၂) နှင့် တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ရင်း (၂၇)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF၊ ကျောင်းသားတော်လှန်ရေးတပ်၊ သာဂရစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့ပူးပေါင်းပါဝင်သော ဗထူးတပ်မတော် ဒရုန်းရဲဘော်များ၊ ဝေဟင်တပ်ဖွဲ့ ဒရုန်းရဲဘော်များပါဝင်ကြောင်း ဇူလိုင် ၈ ရက်တွင် KNU တပ်မဟာ (၄) က ထုတ်ပြန်ထားသည်။