ထိုင်ဝမ်သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။
ထိုင်ဝမ်၏ စစ်ရေးကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်များ တိုက်ခိုက်ခံနေရသည့် အနေအထားပုံစံ အသွင်ယူလေ့ကျင့်မှုဖြင့် စတင်လေ့ကျင့်နေကြောင်း အမည်မဖော်လိုသည့် ထိုင်ဝမ်စစ်တပ် အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
ယင်းမှာတရုတ်ပြည်မကြီး၏ ကျူးကျော်တိုက်ခိုက်မှု ပေါ်ပေါက်လာလျှင် တုံ့ပြန်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။
ထိုင်ဝမ်တွင် Han Kuang ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အရန်တပ်ဖွဲ့ဝင်အင်အား ၂၂၀၀၀ ပါဝင်မည်ဖြစ်ပြီး ထိုင်ဝမ်သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ထုတ် HIMARS ရော့ကက်လောင်ချာစနစ်နှင့် ထိုင်ဝမ်ထုတ် မြေပြင်မှ ဝေဟင်ပစ် Sky Sword ပဲ့ထိန်းဒုံးစနစ်ကိုလည်း ပထမဆုံးအကြိမ် လေ့ကျင့်အသုံးပြုသွားမည် ဖြစ်သည်။
ယခု စစ်ရေးလေ့ကျင့်မှု၏ အစပိုင်းတွင် ထိုင်ဝမ်စစ်တပ်၏ ဆက်သွယ်ရေးစနစ်များ ကြီးကြီးမားမား တိုက်ခိုက်ဖျက်ဆီးခံရလျှင် တပ်ဖွဲ့များကို ကွပ်ကဲမည့်အခင်းအကျင်းကို ဦးတည်အာရုံစိုက် လေ့ကျင့်ခဲ့ကြသည်။
နောက်လာမည့် ၁၀ ရက်တာအထိ ပြုလုပ်သွားမည့် ယခုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကျွန်းတစ်ခုလုံးကို တရုတ်က အလုံးစုံသိမ်းပိုက်ရန် ကြိုးပမ်းလာလျှင် ထိုင်ဝမ်ဘက်က တိုက်ပွဲဝင်သွားရန် အသင့်ရှိမရှိကို စမ်းသပ်စစ်ဆေးသွားမည် ဖြစ်သည်။
“မကြာသေးခင်နှစ်တွေက ယူကရိန်းရဲ့ အခြေအနေကနေ ကျွန်တော်တို့ သင်ခန်းစာယူနေပါတယ်။ တကယ့်လက်တွေ့တိုက်ပွဲမှာ ထိုင်ဝမ်အနေနဲ့ ဘယ်လိုရင်ဆိုင်ရနိုင်မလဲဆိုတာကို ကျွန်တော်တို့ လက်တွေ့ကျကျ တွေးဆနေပါတယ်” ဟု ထိုင်ဝမ်စစ်တပ်အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။ အမိန့်ပေးကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်များကို ကာကွယ်ရန် အရေးပါမှုကို ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။
“တပ်မှူးတွေအနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေ ဘယ်လိုပြဿနာမျိုးတွေ ရင်ဆိုင်လာရနိုင်မလဲဆိုတာကို တွေးဆနေဖို့ လိုပါတယ်။ အဲဒါတွေကို တပ်မှူးတွေကနေ သူတို့လက်အောက်က လူတွေကို ပြန်ရှင်းပြပေးဖို့ လိုတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ အရာရှိက ပြောသည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကို တရုတ်ပြည်မက ၎င်းတို့ပိုင်နက်အဖြစ် ရှုမြင်နေပြီး ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ထိုင်ဝမ်ကျွန်းအနီးတဝိုက်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်တက်လာခဲ့သည်။
ထိုင်ဝမ်ကျွန်းကို အင်အားသုံးမသိမ်းပိုက်ပါဟု တရုတ်ပြည်မကြီးအစိုးရက မည်သည့်အခါကမျှ ငြင်းဆန်ထားခဲ့ဖူးခြင်း မရှိပေ။
ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးက ကျူးကျော်တိုက်ခိုက်လျှင် ဒေသအတွင်း ကြီးမားသည့် စစ်ပွဲတစ်ပွဲ ပေါ်ပေါက်လာနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
Source: Reuters