ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာနှင့် မရမ်းချောင်းရွာအကြားရှိ ရေး-ထားဝယ်ကားလမ်းမနံဘေးက ရော်ဘာခြံတစ်ခြံတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် ကလိန်အောင်မြို့ အခြေစိုက်စစ်ကောင်စီ ၏ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းက ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည်ဖြစ်ကြောင်း ကေဲအန်ယူ၊ မြိတ် (ဘိတ်) -ထားဝယ်ခရိုင်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
လက်နက်ကြီးကျည်သည် ဥယျာဥ်ခြံတဲအနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးအေးခိုင် နှင့် အသက် ၁၁ နှစ်အောက် ကလေးသုံးဦးသေဆုံးကာ အသက်၃၈နှစ်အရွယ် မဝင်းပပ ဆိုသူလည်း ပြင်းထန်းဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံများကဆိုသည်။
အဆိုပါမိသားစုသည် ဧရာဝတီတိုင်းက လာရောက် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ရော်ဘာခြံနှင့် ဝါခုတ်လုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးပစ်ခတ်ခဲ့သည့် ဇူလိုင်လ ၈ရက်တွင် ကော့လှိုင်ရွာနှင့် မရမ်းချောင်းရွာ ပတ်ဝန်းကျင်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း ကော့လှိုင်ရွာအနီးရှိ ရာဖူးရွာသစ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည် ။
စစ်ကောင်စီတပ်သည် ယင်းကျေးရွာ ဝန်းကျင်များသို့ ယခင်ကလည်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ၎င်းက ဆိုသည်။
“ဟိုတလောက (ဇွန်လနောက်ဆုံးအပတ်) လည်း လက်နက်ကြီးပစ်တယ်။ မိုင် ၆၀ ရွာမှာ နှစ်လုံးကျတယ်။ ဘာတိုက်ပွဲမှ ဖြစ်မနေဘူး ။ ဒါပေမဲ့လက်နက်ကြီးက မကြာမကြာ ပစ်နေတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားကလည်း ထိတွေ့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည် ။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ကေအန်ယူနဲ့ PDF အဖွဲ့လှုပ်ရှားမှုရှိတယ်။ အဲဒီနေရာမှာလည်း ကျွန်တော်တို့ အမြဲလှုပ်ရှား နေတာပဲလေ။ သူတို့ မပစ်ရဘူးလေ၊ လက်နက်ကိုင်အချင်းချင်း လှုပ်ရှားမှုဆိုတာက အသွားအလာပဲရှိတာ၊ အခြေစိုက်တာမှ မဟုတ်တာ။ သူတို့က လျှောက်ပစ်ပြီး ဘယ်သူထိထိ ဂရုမှမစိုက်တာ၊ ရွာသားထိလည်း ဂရုမှမစိုက်တာ” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးထိမှန်၍ ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးမှုသည် စစ်ကောင်စီတပ်က လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ရှုတ်ချကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များရှိနိုင်သည်ဟု ယူဆသည့်နေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပြီး မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် ဒေါနစစ်ကြောင်း ၃ ၏ စစ်ကြောင်းမှူးက ဆိုသည်။
“တော်လှန်ရေးသမားဆိုလည်း တော်လှန်ရေးသမားကို လုပ်(ပစ်)ပေါ့ဗျာ။အပြစ်မဲ့ပြည်သူတွေ အခုဆိုရင် ကလေးတွေ အသက်ပေးလိုက်ရတယ် မဆီမဆိုင်ဘဲနဲ့။ တကယ်ကို စိတ်မကောင်းစရာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လက ရေး-ထားဝယ်လမ်းပိုင်း၌ စစ်ရေးတင်းမာစဥ်ကလည်း မောရဝတီရေတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကလိန်အောင်မြို့အနီး ရာဖူးရွာသစ်မှ နေအိမ်တစ်လုံး အပေါ်ကျရောက်ပေါက်ကွဲကာ လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်လေးဦး သေဆုံးခဲ့သေးသည်။