BREAKING
June 9, 2025

ထားဝယ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ တာဝန်ခံများကို စစ်ကောင်စီဖမ်း၊ မေတ္တာရိပ်ဆေးခန်းရပ်နားရဖွယ်ရှိ

June 9, 2025

ထားဝယ်မြို့ရှိ Médecins Sans Frontières (MSF) ရုံးက တာဝန်ခံဆရာဝန်၊ ဒုတာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရဖွယ်ရှိနေကြောင်း အဆိုပါရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မေလနှောင်းပိုင်းက နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF (ထားဝယ်) စတိုခန်းတာဝန်ရှိသူကို ဖမ်းဆီးပြီးနောက် ဇွန်လဆန်းတွင် တာဝန်ခံဆရာဝန်နှင့် ဒုတာဝန်ခံကို ဖမ်းဆီးခဲ့ကြောင်း အထက်ပါနီးစပ်များက ပြောသည်။

ဒုတာဝန်ခံကိုမူ ပြန်လွှတ်လိုက်သော်လည်း စရဖရုံးကို နေ့တိုင်းနီးပါး ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

CDM ဆရာဝန်နှစ်ဦးကို အလုပ်ခန့်သည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်ပြီးနောက် ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။

စစ်ကောင်စီက ထိုသို့ဖမ်းဆီးခဲ့သည့်အတွက် ကျန်သည့်ရုံးအဖွဲ့ဝင်များလည်း ကြောက်လန့်ပြီး ရှောင်တိမ်းနေရကြောင်း MSF နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ထိုကြောင့် MSF အဖွဲ့၏ အုပ်ချုပ်မှုနှင့် ဆေးဝါးထောက်ပံ့မှုများ ပြတ်တောက်သွားပြီး ယင်းအဖွဲ့က ဖွင့်လှစ်ထားသည့် မေတ္တာရိပ်ဆေးခန်းမှာ ရပ်နားရမည့်အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။

MSF က ဖွင့်ထားသည့် မေတ္တာရိပ်ဆေးခန်းတွင် အထွေထွေလူနာ တစ်ရာကျော်ကို နေ့စဉ်ဆေးကုသပေးနေသည့်အပြင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို စသည့် နာတာရှည်လူနာလေးထောင်ခန့်ကိုလည်း ပုံမှန်ဆေးကုပေးနေကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

“ရုံးပိုင်းဆိုင်ရာ တာဝန်ရှိတဲ့အကြီးတန်းတွေအကုန်လုံးက ဖမ်းခံရတယ်။ တိမ်းရှောင်နေရတဲ့အတွက် ရုံးလုပ်ငန်းတွေလုပ်လို့ မရတော့ဘူးလေ။ ဆေးဝယ်ယူဖြန့်ဖြူးရေးတွေ အကုန်လုံးက ရပ်နေတဲ့အတွက် လက်ရှိကျန်တဲ့ဆေးတွေသာကုန်ရင် ဆေးခန်းပိတ်ရမယ့်ပုံစံ ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုသို့ မေတ္တာရိပ်ဆေးခန်းရပ်နားလိုက်ရပါက အထွေထွေရောဂါလာပြသည့်လူနာများနှင့် နာတာရှည်လူနာများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း အထက်ပါ နီးစပ်သူက ပြောဆိုသည်။

“ဆေးခန်းပိတ်ရတော့မယ်ဆိုရင် လူနာတွေ အရမ်းနစ်နာမယ်ပေါ့” ဟု ၎င်းက ပြောသည်။

MSF ထားဝယ်နှင့် နီးစပ်သူ အခြားတစ်ဦး၏အဆိုအရ စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချန်နယ်များက ဖမ်းဆီးရန် လှုံ့ဆော်ပြီးနောက် ယင်းကဲ့သို့ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ MSF ရုံးတာဝန်ရှိသူများကို ထားဝယ်မြို့ အုန်းတောလမ်းဆုံအနီးရှိ MSF ရုံးတွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဖမ်းခံရသူက အဖမ်းခံရ၊ ပြေးတဲ့သူက ပြေးဆိုတော့ ရုံးမှာတိုင်ပတ်နေကြတယ်လို့ သိရတယ်” ဟု အဆိုပါနီးစပ်သူက ပြောဆိုသည်။

ယခင်က MSF၏ မေတ္တာရိပ်ဆေးခန်းတွင် HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့် ART ဆေး ထောက်ပံ့ပေးနေရာက လက်ရှိတွင် အထွေထွေရောဂါများကို ကုသပေးနေခြင်းဖြစ်သည်။