BREAKING
June 9, 2025

လော့စ်အိန့်ဂျလိစ်တွင်​ နိုင်ငံတော်စောင့်တပ်များ ချထားလိုက်ပြီးနောက်​ တင်းမာ​မှုမြင့်တက်

June 9, 2025

အမေရိကန်နိုင်ငံ ၊ လော့စ်အိန့်ဂျလိစ်မြို့လယ်တွင် ဆန္ဒပြသူများကို ဟန့်တားရန် နိုင်ငံတော်စောင့်တပ်ဖွဲ့(National Guard)ဝင်များ တပ်ဖြန့်ထားလိုက်မှုကြောင့် ဆန္ဒပြသူများနှင့် လုံခြုံရေးများအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard)ကို တပ်ဖြန့်ချထားလိုက်မှုကြောင့် လော့စ်အိန့်ဂျလိစ်မြို့ခံများအကြား ဒေါသကြီးထွားလာနေပြီး ဆန္ဒပြသူ ထောင်နှင့်ချီ၍ လမ်းပေါ်ထွက်လာခဲ့ကြသည်ဟု AP သတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြသူများက လော့စ်အိန့်ဂျလိစ်မြို့ အဓိကလမ်းမကြီးတစ်ခုကို ပိတ်ဆို့ထားလိုက်ပြီး မောင်းသူမဲ့ကားများကို မီးရှို့ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဟန့်တားရန် မျက်ရည်ယိုဗုံးများ ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

နိုင်ငံတော်စောင့်တပ်ဖွဲ့(National Guard) ဝင်များနောက်တွင် ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နှင်းရေး ကိရိယာအစုံအလင်ဖြင့် တန်းစီမတ်တပ်ရပ်ကာ အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။

ရဲတပ်ဖွဲ့က လော့စ်အိန့်ဂျလိစ်မြို့လယ်တွင် လူစုလူဝေးလုပ်မှုကို ဥပဒေနှင့် မညီဟု ကြေညာထားသည်။

တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဆန္ဒပြသူတော်တော်များများ မြို့လယ်မှ ဆုတ်ခွာခဲ့ကြသည်။

သို့သော် ကျန်ရှိနေသည့် ဆန္ဒပြသူများက အနီးအနားရှိ ပြည်သူ့ပန်းခြံမှ ထိုင်ခုံများကို ဆွဲယူကာ လမ်းပေါ်တွင် ယာယီအဟန့်အတားတစ်ခု ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

အဝေးပြေးလမ်းကင်းလှည့်ရဲများနှင့် ၎င်းတို့၏ ကားများကို ဆန္ဒပြသူများက ကွန်ကရစ်တုံးများ ၊ ကျောက်တုံးကျော်ခဲများ ၊ လျှပ်စစ်မော်တော်စကူတာများ ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များမှာ ယင်းတို့မှ အကာအကွယ်ရရန် ခုံးကျော်တံတားအောက်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

သမ္မတထရမ့်၏ ရွှေ့ပြောင်းနေထိုင်မှု နှိမ်နင်းရေးကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ သုံးရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။

ဖက်ဒရယ်အစိုးရလက်အောက်ခံ နိုင်ငံတော်စောင့်တပ်ဖွဲ့(National Guard) ဝင် စစ်သား ၃၀၀ ကျော်ရောက်ရှိလာမှုကြောင့် မြို့ခံလူထုအကြား စိုးရိမ်သောကနှင့် မကျေနပ်ချက်များ ကြီးထွားလျက် ရှိသည်ဟု AP သတင်းဌာနက ဖော်ပြသည်။

ဆန္ဒပြသူများက နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များကို “ရှက်ကြစမ်းပါ” “အိမ်ပြန်ကြတော့”ဟု အော်ဟစ်ပြောဆိုခဲ့ကြသည်။

ဆန္ဒပြသူအချို့က နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင် တပ်ဖွဲ့ဝင်များထံ နီးနီးကပ်ကပ် ချဉ်းကပ်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဆန္ဒပြသူများထံ ရှေ့တိုးကာ မီးခိုးဗုံးတို့ဖြင့် လမ်းပေါ်သို့ ပစ်ပေါက်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များကို ဖယ်ရှားပေးရန် တနင်္ဂနွေနေ့တွင် စာရေးသားပေးပို့တောင်းဆိုထားသည်။

အဆိုပါ တပ်ဖွဲ့ဝင်များ စေလွှတ်မှုသည် ပြည်နယ်အချုပ်အခြာအာဏာအပေါ် ကြီးလေးသော ချိုးဖောက်မှု ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သမ္မတထရမ့်က နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များ စေလွှတ်မှုသည် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ တောင်းဆိုမှုမပါဘဲ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပေးပို့စေလွှတ်မှု ဖြစ်သည်။

Source: AP News