BREAKING
June 9, 2025

စပိန်ကို အနိုင်ယူပြလိုက်လို့ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကို ပိုလေးစားလာတော့မယ်လို့ စီရော်နယ်ဒိုပြော

June 9, 2025

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ရပြီး ချန်ပီယံဖြစ်လိုက်တာကြောင့် သူ့ကလေးတွေဟာ သူ့ကို ပိုပြီး လေးစားလာကြလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း စပိန်နဲ့ ပေါ်တူဂီတို့က တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ပေါ်တူဂီအတွက် အရေးပါတဲ့ ဒုတိယမြောက်ချေပဂိုးကို စီရော်နယ်ဒိုက သွင်းပေးခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒို ဟာ ဒဏ်ရာကြောင့် ပွဲဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ပွဲကစားချိန် ၈၈ မိနစ်မှာ သူ့ကို လူစားလဲလိုက်ရပြီး သာမန်ပွဲကစားချိန်အတွင်း သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း တစ်ဖက်ကိုတစ်ဖက် ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူလိုက်ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပေါ်တူဂီက စပိန်ကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန်ဘက်ကနေ ပင်နယ်တီလွဲခဲ့သူကတော့ တိုက်စစ်မှူး မိုရာတာ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ စီရော်နယ်ဒိုက ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ရလိုက်တဲ့အတွက် သူ့ကလေးတွေက သူ့ကို ပိုပြီး လေးစားလာကြတော့မယ့်အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကလေးတွေက စပိန်လေးတွေပါ။ သူတို့က အိမ်မှာ ကျွန်တော့်ကို စနောက်ပြီး ပြောကြတယ်။ ချန်ပီယံဖြစ်မှာက စပိန်ပဲတဲ့လေ။ သူတို့ရဲ့အဖေက စပိန်ကို အခုလို အနိုင်ယူပြလိုက်တာကိုမြင်ရင် သူတို့တွေ သူတို့ရဲ့အဖေ ကျွန်တော့်ကို ပိုပြီး လေးစားလာနိုင်ပါလိမ့်မယ်။ ကျွန်တော့်စိတ်ဓာတ်လည်း နည်းနည်းလောက်ဖြစ်ဖြစ် မြင့်တက်သွားပါလိမ့်မယ်”လို့ စီရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။

ပေါ်တူဂီဟာ ယူရိုနေးရှင်းလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတလျှောက် ချန်ပီယံဆုကို နှစ်ကြိမ် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

Source : Soccer Links