BREAKING
May 10, 2025

ဘုတ်ပြင်းတွင် စစ်ကူလာသည့်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

May 9, 2025

ဘုတ်ပြင်းမြို့ဘက်မှ လေညာကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။

မေလ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ငါးစီး၊ ကျောက်တင်ကား နှစ်စီးတို့ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ဘိုဒါးနှင့် ဝါးချောင်းကျေးရွာကြား ‌ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်သည်။

အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းတွင် ခလရ-၂၂၄ ၊ ခမရ ၃၅၈ နှင့် ခလရ ၄၃၂ တပ်ရင်းသုံးခုက

စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ပူး‌ပေါင်းတပ်တွင်ပါဝင်သည့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ရာက မိနစ် ၃၀ ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူး‌ပေါင်းတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိသည်ကို တွေ့ရကြောင်း ဘုတ်ပြင်းမြို့ခံတစ်ဦးက ပြောသည်။

“ဘုတ်ပြင်း စစ်တပ်ဆေးရုံကို မနေ့ ညနေပိုင်းလောက်က သွေးတွေပေ‌နေတဲ့ ကားတွေဝင်သွားတာ တွေ့တယ်။ ကားတွေ ဝင်ပြီး မကြာဘူး၊ စစ်ဆေးရုံလည်း ပိတ်လိုက်တယ်။ သတင်းတွေပေါက်ကြားမှာ ကြောက်လို့ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲအတွင်း အမြောက်တပ်က တပ်ကြပ်တစ်ဦးသေဆုံးကာ ဘုတ်ပြင်းမြို့အခြေစိုက် ခမရ ၃၅၈ တပ်ရင်း၏ တပ်ရင်းမှူး အပါအဝင် ၁၉ ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အထက်ပါ အချက်အလက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါတိုက်ခိုက်မှုကို KNLA အမှတ် ၂၀၃ တပ်ရင်း အမှတ် (၄) တပ်ခွဲ၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ခွဲ၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Flying star Force)နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ – ဘုတ်ပြင်း-ပြည်ကြီးမဏ္ဏိုင် လမ်းပိုင်းတစ်နေရာအားတွေ့ရစဉ်။(ပုံဟောင်း)