စစ်ကောင်စီလက်အောက်ခံ ပုလောမြို့မရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။
ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ယနေ့ မေ ၉ရက် နံနက် ၆နာရီ ဝန်းကျင်တွင် မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့ဘက်က ဝင်စီးပြီးချိန် ရဲစခန်းထဲက သူတို့တပ်ဖွဲ့တွေဘက်က ပြန်ပစ်တယ်။ ရဲအုပ်ကတော့ ကျွန်တော်တို့ စပစ်တာနဲ့ ပွဲချင်းပြီးသေသွားတယ်။ ရဲတပ်သားကတော့ ရဲစခန်းအဝင်ပေါက်မှာ သေသွားတယ်” ဟု အထက်ပါ ၎င်းက ပြောသည်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ခန့် ကြာမြင့်ခဲ့ကြောင်း ပုလောမြို့ခံများက ဆိုသည်။
ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စပူပြင်ကျေးရွာဘက်ကို စစ်ကောင်စီဘက်၏ ခလရ (၂၈၅) တပ်ရင်းက လက်နက်ကြီး ၁၅ ချက်ခန့် ပစ်ခတ်ခဲ့သလို အောက်ပေါင်းကျေးရွာဒေသခံ ၅ ဦးခန့်ကို ပုလောမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် အထက်ပါ PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
“ရဲအုပ်တစ်ယောက်က တင်ပါးမှာထိပြီး နောက်တစ်ချက် အပစ်ခံရတဲ့အချိန်သေသွားတာ။ လက်နက်တွေ သိမ်းလိုက် နိုင်တာက အဲဒီတစ်ယောက်ဆီက။ နောက်တစ်ယောက်က ရဲစခန်းအဝမှာ သေတာဆိုတော့ လက်နက်မယူလိုက်နိုင်ဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံရဲ နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာ G3 ရိုင်ဖယ်တစ်လက်၊ ကျည်ဘောက် နှစ် ခု၊ လက်ကိုင်ဖုန်း နှစ် လုံးအပါအဝင် ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်းက ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲကြောင့် ပုလောြမို့ကို ဖြတ်သန်းသွားရသည့် မြိတ်-ထားဝယ်ကားလမ်းတွင် နေ့လယ်အချိန်အထိ ပိတ်နေခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်သွားလာခွင့်ရသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။